အမျိုးသားယဉ်ကျေးမှုလက္ခဏာများ ထင်ဟပ်ပေါ်လွင်ထိန်းသိမ်းမြှင့်တင် (ကြေးမုံ)


မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါများသောနိုင်ငံဖြစ်သည်။ မြန်မာတို့၏ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ယဉ်ကျေးမှုအစဉ်အလာများကို နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းစောင့်ရှောက်နိုင်သည့်နိုင်ငံဖြစ်သည်။ မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များသည် နှစ်လိုဖွယ်ရာ၊ ဂုဏ်ယူဖွယ်ရာ အမွေအနှစ်များဖြစ်သည်။ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသကဲ့သို့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ဖော်ထုတ်လျက်ရှိသည်။

 

အဆိုပါယဉ်ကျေးမှုအမွေအနှစ်များတွင် မြန်မာ့အနုသုခုမပညာရပ်များသည် ပြည်သူများ ယနေ့ထက်တိုင် နှစ်သက်စွဲလမ်းလက်ခံလျက်ရှိသည်။ ကမ္ဘာ့ယဉ်ကျေးမှုစီးကြောင်းနှင့်အတူ ခေတ်မီတိုးတက်ပြောင်းလဲလာသည်ဆိုသော်လည်း မြန်မာ့မူဟန်၊ မြန်မာ့ရိုးရာအစဉ်အလာများမှာ အရိုးကိုအရွက်မဖုံးဘဲ ဆက်လက်စီးမျောနေဆဲဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို မြတ်နိုးတန်ဖိုးထားသူများ လူမှုဘဝနယ်ပယ်အသီးသီးတွင် မပျောက်မကွယ်ရှိနေဆဲဖြစ်သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများကို လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်လာခဲ့သော အနုပညာရှင်များနှင့် မျိုးဆက်သစ်အနုပညာရှင်များ၊ မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးသောပြည်သူများ ရှိနေသေးသည်မှာ ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည်။

 

ယဉ်ကျေးမှုအမွေအနှစ်များတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးအနုပညာရပ်များသည် မြန်မာလူမျိုးတို့၏ စိတ်ဓာတ်၊ အတွေးအခေါ်၊ ယဉ်ကျေးမှုနှင့် လူနေမှုဘဝများကို ထင်ဟပ်ဖော်ပြနေသည့် အဖိုးတန်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည်။ ယနေ့ခေတ်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုများနှင့် ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုများ ကူးလူးဆက်နွှယ်ဖလှယ်မှုများ အရှိန်အဟုန်မြင့်တက်လာသည်နှင့်အမျှ မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြန်လည်ဖော်ထုတ်မြှင့်တင်ခြင်းတို့အပြင် မျိုးဆက်သစ် လူငယ်လူရွယ်များ စိတ်ဝင်စားလာစေပြီး လက်ဆင့်ကမ်းအမွေ လွှဲပြောင်းပေးနိုင်ရန် နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးသူအားလုံးအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုမပျောက်ပျက်စေရန် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ဖော်ထုတ်နိုင်ရန်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ၁၉၉၃ ခုနှစ်မှစတင်၍ နှစ်စဉ်ကျင်းပပေးခဲ့သည်။ ပြီးခဲ့သည့်ကာလများက အကြောင်းအမျိုးမျိုးဖြင့် ကျင်းပခြင်းမပြုလုပ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို ပြန်လည်ကျင်းပပေးခဲ့ရာ ယခုနှစ်တွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်နေပြီဖြစ်သည်။ မကြာမီကာလတွင် နေပြည်တော်၌ ဗဟိုအဆင့်ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည်ဖြစ်သည်။

 

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် အနိုင်၊ အရှုံး ဆုပေးခြင်းကိုသာ ဦးတည်ကျင်းပခြင်းမဟုတ်ဘဲ ရွက်ပုန်းသီးအနုပညာရှင်များ ပြန်လည်ပေါ်ထွက်လာစေရန်၊ မျိုးဆက်သစ်အနုပညာရှင်များကို ဖော်ထုတ်ပေးနိုင်စေရန်၊ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များ ရှင်သန်ဖွံ့ဖြိုးစေရန်၊ မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုများကို မြတ်နိုးတန်ဖိုး ထားသည့်စိတ်ဓာတ်များ တိုးပွားလာစေရန်နှင့် နိုင်ငံတော်၏ အမျိုးသားရေး ကိုယ်ခံစွမ်းအားများကို မြှင့်တင်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များအတွက် ကျင်းပပြုလုပ်နေသည့် အရေးကြီးသော အမျိုးသားအဆင့် ယဉ်ကျေးမှုပွဲတော်ကြီးဖြစ်သည်။ 

 

နိုင်ငံတော်အနေဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို ထာဝစဉ် ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေး၊ မြန်မာမှုအနုသုခုမပညာရပ်များ ရှင်သန်ဖွံ့ဖြိုးစေရေးနှင့် မြန်မာတို့၏ အမျိုးသားယဉ်ကျေးမှုကို နိုင်ငံတကာအလယ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ဖော်ထုတ်ပြသနိုင်ရေးအတွက် အစဉ်တစိုက် အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများကို မြန်မာတို့က နှစ်သက်မြတ်နိုးကြသလို နိုင်ငံတကာအနေဖြင့်လည်း အလေးထားစိတ်ဝင်စားကြသည်။ ထို့ကြောင့် ယခုကျင်းပပြုလုပ်မည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို အမျိုးသားစည်းလုံးညီညွတ်မှု၊ မြန်မာ့ယဉ်ကျေးမှုဂုဏ်သိက္ခာနှင့် မြန်မာ့အနုသုခုမအစဉ်အလာများကို ပိုမိုထင်ဟပ်ဖော်ဆောင်ပြီး အောင်မြင်သည့် ပြိုင်ပွဲကြီးဖြစ်စေရေးကို အားလုံးက စိတ်ရင်းစေတနာအပြည့်ဖြင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ အစဉ်အလာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ဗဟိုအဆင့်သို့ရောက်ရှိ ဆင်နွှဲတော့မည့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာ ပေါ်ထွက်လာရန်အတွက် ပါဝင်ဆောင်ရွက်နေကြသူများသာမက ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်လည်း အမျိုးသားယဉ်ကျေးမှုလက္ခဏာများကို ထင်ဟပ်ဖော်ပြနေသည့် အမျိုးသားယဉ်ကျေးမှုပွဲတော်ကြီးအဖြစ်ခံယူပြီး ပါဝင်အားပေး ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။