တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုးသွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်

တီးတိန် စက်တင်ဘာ ၈

 

ချင်းပြည်နယ်သည် တည်ငြိမ် အေးချမ်းနေပြီဖြစ်သည့်အတွက် ပြည်နယ်အတွင်း စီးပွားရေး လုပ်ကိုင် ဆောင်ရွက်လိုသူများအနေဖြင့် နိုင်ငံတော်က ထုတ်ချေးသော ချေးငွေများ ရယူဆောင်ရွက်လိုပါက သက်ဆိုင်ရာဌာနများနှင့် ဆက်သွယ်ချေးယူ ဆောင်ရွက်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယမန်နေ့နံနက်ပိုင်းတွင် တွန်းဇံမြို့ ရိုမန်ကက်သလစ်ဘုရားကျောင်း ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

 

ထို့ပြင် ချင်းပြည်နယ်အတွင်း အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်တို့တွင် နိုင်ငံတော်အစိုးရက ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်‌ရေး လုပ်ငန်းများ လုပ်ဆောင် ပေးလျက်ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသည့် နေအိမ်များနှင့် လုံးဝပျက်စီးသွားသည့် နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် အမိုးသွပ်၊ သွပ်ရိုက် သံနှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ ပေးလျက်ရှိကြောင်း၊ ယနေ့တွင်လည်း တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီးသွားသည့်နေအိမ် များအတွက် အိမ်ဆောက်ပစ္စည်းများကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးနှင့် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးတို့က တီးတိန်မြို့မှ ပျက်စီးနေအိမ်များအတွက် အမိုး သွပ်၊ သွပ်ရိုက်သံနှင့် ဘိလပ်မြေအိတ်များကို ထောက်ပံ့ပေးအပ်ကြသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များ၊ ဌာနအလိုက် ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပြီး ဒေသခံ ပြည်သူများက တင်ပြသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဒုတိယဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

တွေ့ဆုံပွဲအပြီးတွင် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တွန်းဇံမြို့ရှိ ရုံးဌာန အဆောက်အအုံများ ပြန်လည် ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်