ဇမ္ဗူသီရိမြို့နယ်အတွင်း အဆင့်မြင့်အိမ်ရာစီမံကိန်း အမှတ်(၁)နှင့် အမှတ်(၂) တည်ဆောက်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၈

 

ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညို ကားလမ်းဘေးတွင် အဆင့်မြင့်အိမ်ရာ စီမံကိန်း အမှတ်(၁)နှင့် အမှတ်(၂)တို့ကို တည်ဆောက်လျက်ရှိသည်။

 

အဆိုပါ အဆင့်မြင့်အိမ်ရာ စီမံကိန်း အမှတ်(၁)နှင့် အမှတ်(၂) တည်ဆောက်ရေး လုပ်ငန်းခွင်ကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိကြသည့်‌ ကျောင်းသား ကျောင်းသူများအား ဆုများ၊ အခမ်းအနားတွင် ကပြဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

အခမ်းအနားအပြီးတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ တိုက်စားမှုကြောင့် ပျဉ်းမနားမြို့နယ် ပေါင်းလောင်းမြစ် အရှေ့ဘက်ကမ်း ကူးတို့ဆိပ်ကျေးရွာအုပ်စု ဇီးရိုင်းကျေးရွာနှင့် ဝဲကြီးကျေးရွာအကြားတွင် တည်ရှိသည့် အလျား ပေ ၄၀၊ အနံ ပေ ၃၀ RCC တံတား၏ တံတား ချဉ်းကပ်လမ်း ပျက်စီးမှုနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဆက်လက်၍ ပျဉ်းမနားမြို့နယ် သစ်တွန်ကျေးရွာအုပ်စု ဖလောင်း ကျေးရွာ ကွန်ကရစ်လမ်းပေါ်ရှိ ဘေလီတံတားပျက်စီးမှုနှင့် ပြန်လည် ပြုပြင်ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာအုပ်စု စည်ပင်ကြီးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)အတွင်း ပေါင်းလောင်းမြစ်ရေဝင်ရောက်နေမှုကိုလည်းကောင်း၊ စည်ပင်ကြီးကျေးရွာနှင့် ပျဉ်းမနားမြို့နယ် သာယာစုကျေးရွာသို့ ဆက်သွယ်ထားသော ပေါင်းလောင်းမြစ်ကူးတံတားကို လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထွန်းလင်း(ဇေယျာမြေ)