ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှုဖြစ်ပွားခဲ့သည့် နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


ပုသိမ် စက်တင်ဘာ ၇

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) ၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှုဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/ ၆ နှင့် ၁၁/ ၇ ကြားနေရာ၏ တစ်ဆက်တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

ကြည့်ရှုစစ်ဆေး

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာ၏ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှုရှိစေရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ရေစီးကြောင်းအခြေအနေ၊ ရေစီးနှုန်းနှင့် ကမ်းပါးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် အချိန်မီကြိုတင်ပြင်ဆင် ကာကွယ်ဆောင်ရွက်ရန် မှာကြားသည်။

 

ထိုမှတစ်ဆင့် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့ အမှတ် (၁) ရပ်ကွက် ရတနာပုံရိပ်သာကျောင်းတိုက်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။ ထို့အတူ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ကလည်း အားပေးစကားပြောကြားသည်။ 

 

ဆက်လက်၍ ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်းဘေးဝဲယာ ရေမြောင်းများနှင့် ဆားမလောက်-မအူပင် ကားလမ်းဘေးဝဲယာ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ဗေဒါများ၊ ချုံနွယ်များ၊ မြက်ပင်များကို လူအင်အား၊ စက်အင်အား အသုံးပြု၍ ရှင်းလင်းဖယ်ရှားနေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ညောင်တုန်းမြို့ စက္ကော့ကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းရှိ စာသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးကာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)