ရန်ကုန် စက်တင်ဘာ ၇
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာလိဂ်က ကြီးမှူး၍ Grand Royal၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်(၂) နောက်ဆုံးနေ့ကို သန်လျင် မြို့ Sunset Field, Star City Sport Club ၌ ကျင်းပရာ စစ်ကိုင်းယူနိုက်တက်အသင်းက အား/ကာသိပ္ပံအသင်းကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။ ရာသီအစအဖွင့်ပွဲတွင် နိုင်ပွဲပျောက်ဆုံးထားသည့်နှစ်သင်း ထိပ်တိုက်တွေ့ဆုံခြင်းဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းက ဂိုးပြတ်နိုင်ပွဲဖြင့် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ဂိုးသွင်းခွင့်များ အသုံးချနိုင်သဖြင့် လေးဂိုးပြတ်အထိ ဦးဆောင်ကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ နည်းပြသစ်ဖြင့် ယှဉ်ပြိုင်နေသည့် အား/ကာသိပ္ပံအသင်းသည် ရာသီအစ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ရလဒ်ဆိုးများမှ ရုန်းထွက်နိုင်ရန် ကြိုးစားရမည်ဖြစ်သည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး ကောင်းမြတ်သူ၊ ရာဇာအောင်၊ ထက်ဇော်ထွန်းနှင့် ကွမ်ဆာတို့၏ တိုက်စစ်တွဲလုံးမှာ ပိုထိရောက်ခဲ့သဖြင့် စစ်ကိုင်းယူနိုက်တက်အသင်း ဦးဆောင်ဂိုးများ ဆက်တိုက်ရရှိခဲ့ခြင်းဖြစ်သည်။ ၁၃ မိနစ်တွင် ရာဇာအောင်က စစ်ကိုင်းယူနိုက်တက်အသင်းအတွက် ဂိုးစတင်သွင်းယူပြီး ၁၇ မိနစ်တွင် ကောင်းမြတ်သူက နောက်တစ်ဂိုးထပ်သွင်းကာ ပထမပိုင်းအပြီးတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင်လည်း စစ်ကိုင်းယူနိုက်တက်အသင်းကသာ ပိုဖိကစားနိုင်ခဲ့ပြီး ၄၉ မိနစ်တွင် ရာဇာအောင်နှင့် ၅၅ မိနစ် တွင် ထူးဝေယံက ဂိုးများထပ်မံသွင်းယူခဲ့သည်။ အား/ကာသိပ္ပံအသင်းသည် ဂိုးသွင်းခွင့်များရသော်လည်း အဆုံးသတ်အားနည်းမှုကြောင့် နစ်နာခဲ့ပြီး ပွဲပြီးခါနီးမှ ဂိုးများပြန်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် ချေပဂိုးများကို ၇၉ မိနစ်တွင် ကောင်းမြတ်ငြိမ်းနှင့် ၈၃ မိနစ်တွင် မာတီးနိုက သွင်းယူခဲ့သည်။ ယခုပွဲအတွက် AYA Pay Player of the Match ကို နှစ်ဂိုးသွင်းယူခဲ့သည့် စစ်ကိုင်းယူနိုက်တက် တိုက်စစ်မှူး ရာဇာအောင်က ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းရရှိသည်။
ပွဲစဉ်(၂)အပြီးတွင် ဒဂုံစတားယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းက ခြောက်မှတ်စီ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းက လေးမှတ်စီ၊ စစ်ကိုင်းယူနိုက်တက်နှင့် ဧရာဝတီယူနိုက်တက်အသင်းက သုံးမှတ်စီ၊ သစ္စာအားမာန်နှင့် ရန်ကုန်စီးတီးအသင်းက နှစ်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်နှင့် မြဝတီအသင်းက တစ်မှတ်စီရရှိထားပြီး အား/ကာသိပ္ပံနှင့် Chinland အသင်းက အမှတ်မရသေးပေ။
သတင်း - ကိုညီလေး၊
ဓာတ်ပုံ - ML


