လေးမျက်နှာဟု ခေါ်ပါသည် (၂)

မြင့်စိုး(နတလ)

လေးမျက်နှာ(၁)

သည်ခေါင်းစဉ်ဖြင့် ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပြီးဖြစ်၍ (၁) နှင့် (၂) ခွဲလိုက်ခြင်း ဖြစ်ပါသည်။ ရေးခဲ့ပြီးသော လေးမျက်နှာဟုခေါ်ပါသည်(၁)တွင်မူ လေးမျက်နှာဇာတိဖွား အကျော်ဒေးယျ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များအကြောင်းကို အများသိစေလို၍ တစ်နည်းဆိုရသော် လက်ဝါးသာ သာ မြို့သေးသေးလေးမှာ ဒီလိုထင်ရှားကျော်ကြားသူတွေ ပေါ်ထွန်းခဲ့ကြောင်း ကြွားလို၍ ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါသည်။

အနှီဆောင်းပါးထဲတွင် ဘိုးတော်ဘုရားနှင့် မိဖုရားခေါင်ကြီးတို့ ကိုးကွယ်ခဲ့ကြသော ပထမ ထွတ်ခေါင်ဆရာတော်ကြီး၊ ဘကြီးတော်မင်း၏ မိဖုရားကြီးကိုးကွယ်တော်မူသည့် ဒုတိယထွတ်ခေါင် ဆရာတော်ကြီး၊ ရွှေဟင်္သာဆရာတော်ကြီး၊ အောင်ဆန်းဆရာတော်ကြီးတို့သည် လည်းကောင်း၊ နိုင်ငံရေးလောကတွင် နယ်ချဲ့အင်္ဂလိပ်တို့ကို ရဲရဲတောက် ဆန့်ကျင်ခဲ့သည့် သခင်ပညာလောက ဆရာတော်သည်လည်းကောင်း လေးမျက်နှာဇာတိ ဖွားများဖြစ်ကြ၏။

ထို့ပြင် တဝစာပေလောကတွင် ကျောက်စာဝန် ဦးမြနှင့် ကဗျာဆရာကြီး စောရန်နောင်တို့သည် လည်းကောင်း၊ အနုပညာလောက၏ သဘင်၊ ရုပ်ရှင်နှင့် ဂီတတို့မှ ဝဏ္ဏကျော်ထင် ဦးစိန်အောင်မင်း၊ မင်းသမီးကြီး ဒေါ်ကြည်ကြည်ဌေးနှင့် အောက်ချင်းဖို အောက်ချင်းမဇာတ်ကို အတူကခဲ့ကြသည့် ဇာတ်မင်းသားကြီး ဦးဘသော်၊ အကယ်ဒမီ မော့(စ်)၊ ဂီတစာဆို အင်္လကာကျော်စွာ ဟင်္သာတဦးမြင့်ငွေ၊ စန္ဒရားလူမော်တို့သည်လည်းကောင်း၊ အားကစားလောကတွင် မြန်မာ့လက်ရွေးစင်သာမက အာရှလက်ရွေးစင်ဖြစ်ခဲ့သည့် ဘောလုံးသမား ဦးလှဌေး၊ ဆပ်ကပ်ဒီပလိုမာဘွဲ့ကို ရုရှားနိုင်ငံတွင် ရယူခဲ့သည့် ဆိုဗီယက်ပြန် အာဇာနည်စန်းစန်း၊ မာရာဟာလင် ပြိုင်ပွဲဝင်ဘောလုံးသမား ကိုအောင်စံဖြိုး၊ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း၏ ဂိုး သမား မေခင်ယမင်းတို့သည်လည်းကောင်း ထူးချွန်ထင်ရှားသည့်‌ လေးမျက်နှာဇာတိဖွားများ ဖြစ်ကြသည်။

တစ်ခါက လေးမျက်နှာဆိုသည်မှာ

လေးမျက်နှာမြို့ဟောင်းလေးသည် ငဝန်မြစ်၏ အနောက်ဘက်ကမ်းနဖူးတွင် ခုံကြီးရပ်ကွက်၊ မြို့မ ရပ်ကွက်၊ အညာတန်းရပ်ကွက်၊ ဈေးကလေးရပ်ကွက်၊ ခတ္တူရပ်ကွက် စသည်တို့ဖြင့် အေးအေး ချမ်းချမ်း သာသာယာယာရှိခဲ့ဖူးသည်။ ၉ တန်းနှင့် ၁၀ တန်းကို ခုံကြီးပိုင်း (ပရဟိတဂေဟာ)မှ ခတ္တူ ပိုင်းရှိ အခြေခံပညာအထက်တန်းကျောင်းသို့ နေ့စဉ် လမ်းလျှောက်ရင်း တက်ခဲ့ဖူးသည့် အရသာကို ယနေ့တိုင်မမေ့နိုင်ခဲ့။ သာသာယာယာဟု ဝိဂြိုဟ် ပြုလိုက်ရသော်ငြားလည်း ထိုစဉ်ကာလ လေးမျက် နှာမြို့ဟောင်းလေးမှာ ကားတစ်စီးမျှ မရှိသလိုကား လမ်းလည်း မရှိပါ။ မြစ်ရိုးအတိုင်း ရှည်ရှည်မျောမျော လမ်းလေးမှာ စက်ဘီး၊ ဆိုက်ကားများကိုသာ တွေ့မြင်နိုင်သည်။ အများစုမှာ ကိုယ်လိုရာခရီးသို့ ခြေကျင်ကြိတ်သူများ ဖြစ်ကြ၏။

ငဝန်မြစ်ထဲမှာတော့ မော်တော်ဘုတ်သံလေးတွေကို တဖုတ်ဖုတ်ကြားနေရသည်။ ကားစီးပြီး ဟင်္သာတမြို့ကို သွားလိုပါမူ ငဝန်မြစ်တွင်းမှ မော်တော်ဘုတ်ကိုစီး၍ စုန်ဆင်းသွားပြီး အိုင်သပြု ကျေးရွာတွင် ဂိတ်ထိုးထားသော စိန်ဝေလျှံ၊ ဝတစ်လုံး ချက်ဗလက်ကားကြီးများကို စီးရသည်။ ရန်ကုန်ကို ခရီးဆက်လိုပါမူ ဟင်္သာတ ရွှေပြောင်ပြောင် ဆိပ်ကမ်း၊ ဆယ်ပြားတံတားဆိပ်မှတစ်ဆင့် ခေါင်းဆေးကျွန်းကြီးကို နေပူပူမှာ ဖြတ်လျှောက်ပြီး ကူးတို့သင်္ဘောဖြင့် သာရဝေါဘူတာသို့ လိုက်ပါ ကာ သာရဝေါ- ရန်ကုန်ရထားကို စီးရပါသည်။ ဆိုရပါမူ ထိုစဉ်က လေးမျက်နှာမြို့လေးသည် အနောက်ဘက်ခြမ်းတွင် ပုသိမ် - မုံရွာလမ်းကြီး မရှိသေး၊ ငဝန်မြစ်ကူးတံတားကြီး ပေါ်ထွန်းမလာ သေး၊ လေးမျက်နှာနှင့် ဟင်္သာတတိုက်ရိုက်ကားလမ်း လည်းမရှိသေး၊ လမ်းဆုံမဟုတ်သော လမ်းဆုံးမြို့ လေးသာဖြစ်၏။

အနောက်ဘက်ယွန်းယွန်းသို့ ဆက်သွားလျှင် ကျွန်တော့်ဇာတိ စိန်တောင်၊ လှော်ကထား အပါ အဝင် အနောက်ရိုးမတောင်ခြေက ရွာလေးများဆီသို့သာ ရောက်သွားနိုင်သည်။ ထိုစဉ်ကာလက လေးမျက်နှာဟု ပြောလိုက်လျှင် မကြားဖူးကြပါ။ ဟင်္သာတလေးမျက်နှာ၊ ငသိုင်းချောင်းလေးမျက်နှာဟု တွဲပြောတွဲခေါ်မှ သိကြ၏၊ ကြားဖူးကြ၏။ ဤကား လေးမျက်နှာ၏ ဝိသေသများပါပေတည်း။ မြို့ဟောင်းဘက်မှာ အထင်ရှားဆုံးကတော့ အနော်ရထာမင်းကြီးတည်ထားခဲ့သည့် စတုမုခထူပါရုံ စေတီတော်မြတ်ကြီး တည်ရှိနေခြင်းဖြစ်၏။

ယနေ့လေးမျက်နှာ (သို့မဟုတ်) မြို့သစ်

၁၉၉၁ ခုနှစ် လေးမျက်နှာမြို့နယ်အတွင်းရှိ ထိန်ငူတာ ကျိုးပေါက်ခဲ့မှုနှင့်အတူ ငဝန်မြစ်ရေ ကြောင်းပြောင်းလဲမှုများ၊ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုမှုများကို ကြုံလာကြရသည်။ ၁၉၉၃ ခုနှစ် တွင်မူ မြို့မရပ်ကွက် ဗိုလ်အောင်ဖေ၏ ရုပ်ရှင်ရုံ နေရာလောက်ဆီမှ မြစ်ကျိုးပေါက်ကြီး ဖြစ်သွားပြီး မြို့လည်း နှစ်ပိုင်းပြတ်ကာ အရေးပေါ်အခြေအနေ ကြေညာ၍ လေးမျက်နှာမြို့ဟောင်းကို ငဝန်မြစ် အရှေ့ဘက်ကမ်း ယခုမြို့သစ်နေရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

အနောက်ဘက်ကမ်းတွင် ခုံကြီးပိုင်းရပ်ကွက်နှင့် ခတ္တူရပ်ကွက်တို့ ကျေးရွာအဖြစ် ကျန်ရှိခဲ့ပြီး မြို့သိမ်းသွင်းမှုတွင် မပါဝင်လာတော့ဘဲ လေးမျက်နှာမြို့သစ်ကို သခွတ်ချောင်းကျေးရွာအုပ်စု ထိန်ချောင်းကျေးရွာ၊ မြစ်ကျိုးကျေးရွာတို့ကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့သည်။ မြို့သစ်ပေါ်ပေါက်လာ ပြီးမှ ဟင်္သာတမှတစ်ဆင့် ရန်ကုန်သို့ကားများ ပြေးဆွဲခဲ့ကြသည်။ ငဝန်မြစ်ကူးတံတားကြီး တည်ဆောက်ပေးပြီးနောက် ပုသိမ် - မုံရွာလမ်းနှင့် ချိတ်ဆက်နိုင်ခဲ့သည်။ လေးမျက်နှာမြို့သစ်ကို ရပ်ကွက်ငါးခုဖြင့် ဖွဲ့စည်းခဲ့ပြီး မြို့နယ်အနေဖြင့်မူ ကျေးရွာအုပ်စု ၄၃ အုပ်စုဖြင့် ဝန်းရံထားပြီး အိမ်ခြေ ၂၆၇၃၁၊ အိမ်ထောင်စု ၂၇၉၄၀၊ လူဦးရေ ၁၀၉၈၀၂ ဦးရှိပါသည်။

ရေဘေးသင့်လေးမျက်နှာ

၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် လေးမျက်နှာမြို့ကို ဝိုင်းပတ်ကာရံထားသော ငဝန် တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေစိမ့်ဝင်မှု စတင်ဖြစ်ပေါ်ခဲ့သည်။ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံရပ်ကွက်နေသူများ၊ လုပ်အားပေးသူများ ဝိုင်းဝန်း၍ ထူးပေါက်ပိတ်နိုင် ရေး ကြိုးစားဆောင်ရွက်ခဲ့ကြသည်။ မမြင်နိုင်သော တာအောက်ခြေသဲကြောမှ လှိုက်စားလာသော ထူးပေါက်ဖြစ်၍ ဝိုင်းဝန်းပိတ်ဆို့နေသည့်ကြားမှ တဖြည်းဖြည်း ကျယ်လာသောကြောင့် ည ၁၀ နာရီခွဲခန့်တွင် ပိတ်ဆို့ခြင်းလုပ်ငန်းများ လက်လျှော့ခဲ့ရကာ ဇူလိုင်လ ၃၁ ရက်နေ့မှစပြီး နီးစပ်ရာ ကျေးရွာ ရပ်ကွက်များသို့ ရေဝင်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့ရသည်။

တာကျိုးပေါက်မှုမှာလည်း စွန့်ပစ်တာနှင့် ပန်းတာနှစ်နေရာလုံးတွင် ပေ ၃၀ မှ ပေ ၅၀၊ ပေ ၅၀ မှ ယခုအခြေအနေ ပေ ၂၅၀ ကျော်အထိ ကျိုးပေါက်သွားခဲ့သည်။ ရေစတင်နစ်မြုပ်ချိန်မှစ၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်လာရောက် ကွပ်ကဲပြီး မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင် များ၊ တပ်မတော်သားများ၏ အကူအညီဖြင့် ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာစခန်းများ သို့ ရွှေ့ပြောင်းပေးခဲ့သည်။ တစ်ဖက်တွင်လည်း တာကျိုးပေါက်ပိတ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးလာရောက်အခြေပြု ကွပ်ကဲဆောင်ရွက်ခဲ့ သည်။ ယင်းကဲ့သို့ ပိတ်ဆို့ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ်မှာပင် မြစ်ကျိုး ပေါက် ပိုကျယ်လာသောကြောင့် နည်းလမ်းရှာဖွေ ဆောင်ရွက်ခဲ့ရသည်။

နိုင်ငံတော်သမ္မတ လာရောက်ကြည့်ရှုလမ်းညွှန်

ကျွန်တော်နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် အတွေ့အကြုံအရ ဖြူးချောင်းရေလှောင်တမံ ကျိုးပေါက်ပြီး ဖြူးရေ လျှံခြင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်း ၁၆၄ မိုင်တိုင်အနီး တံတားကျိုးခြင်း ဖြစ်စဉ်များ ဖြစ်ပေါ် ခဲ့ချိန်မှာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘဝဖြင့် အချိန် နှင့်တစ်ပြေးညီ သွားရောက်ကြည့်ရှုလမ်းညွှန်ခဲ့သည်ကို တွေ့ရသည်။

အလားတူ ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့ ရခိုင်ဒေသ မိုခါမုန်တိုင်းဝင်ရောက်ချိန်တွင် လည်းကောင်း၊ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မန္တလေးအင်အား ပြင်းငလျင်ကြီး လှုပ်ခတ်စဉ်၌လည်းကောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအနေဖြင့် အစောဆုံး လိုက်လံကြည့်ရှုလမ်းညွှန်ခဲ့သည်။ ယခု သဘာဝဘေးဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် လေးမျက်နှာမြို့နယ်သို့လည်း ဩဂုတ်လ ၉ ရက် နေ့တွင်ရောက်ရှိကာ ရေကာတာကျိုးပေါက်မှုအား အချိန်မီ ပိတ်ဆို့ကာကွယ်နိုင်ရေး၊ ကူညီကယ်ဆယ် ထောက်ပံ့ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆိုင်ရာလုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့သည်။

တာကျိုးပေါက်ပိတ်ဆို့ခြင်း လုပ်ငန်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနကပါ ပူးပေါင်းပါဝင်၍ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ လမ်းတံတားဦးစီးဌာနများမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဒေသခံ လုပ်သားများက အင်နှင့်အားနှင့် နေ့ဆိုင်းညဆိုင်း ခွဲကာ စက်ယန္တရားကြီးများဖြင့် Steel sheet pile ရိုက်ခြင်း၊ Geo Bag အိတ်ကြီးများနှင့် သဲအိတ်များ ချခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

လေးမျက်နှာမြို့နယ် ရေနစ်မြုပ်မှုအခြေအနေ

ဇူလိုင်လ ၃၁ ရက်နေ့မှ ဩဂုတ်လ ၁၆ ရက်နေ့ထိ ရေကြီးနစ်မြုပ်မှုအခြေအနေမှာ မြို့ပေါ်ရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၁၉ အုပ်စုမှ ကျေးရွာပေါင်း ၁၂၄ ရွာ၊ အိမ်ထောင်စု ၁၀၈၀၅ စု၊ လူဦးရေ ၃၉၁၈၆ ဦး၊ စပါးစိုက်ဧက ၂၂၄၂၀၊ ပီလောပီနံ ၂၇၆၅ ဧကတို့ ရေနစ်မြုပ်မှုဒဏ်ခံခဲ့ရပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၃ ကျောင်း ခေတ္တပိတ်ထားရကာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၂၁၆ ဦး ကျောင်းတက်ပျက်ကွက်ခဲ့သည်။ ကျွန်တော်တို့ ပြည်သူ့၊ အမျိုးသား၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏လမ်းညွှန်မှုကိုခံယူ၍ ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ခဲ့သည်။ လှူဒါန်းမှုများ ပြုခဲ့သည်။

မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ဘိသလွန်၊ ခတ္တူရှိ ရေဘေးသင့်စခန်းများ၊ သခွတ်ချောင်း၊ ဝဲဒေါင့်၊ ကွမ်းခြံကုန်းကျေးရွာများ၊ ခမောက်စုဘက်မှ ရေဘေးရှောင်စခန်းများ၊ အိုင်သပြုပေါက်ကုန်း ရွာနှင့် ကားဂိတ်၊ ပရဟိတကျောင်းရပ်ကွက်များ၊ သိမ်ကုန်း၊ ညောင်ဝိုင်း၊ ဒေါင့်ကြီးကျေးရွာများရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခြင်း၊ မြစ်ကျိုး ပေါက်ပိတ်ဆို့မှု အခြေအနေများ ရှင်းလင်းခြင်း၊ ရေကျသွားလျှင် ဆောင်ရွက်ရမည့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြိုတင်ရှင်းလင်း မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လေးမျက် နှာရေဘေးသင့်ပြည်သူများအား လာရောက်ကူညီ လှူဒါန်းခဲ့ကြသည့် အနယ်နယ်အရပ်ရပ်မှ စေတနာ ရှင်၊ အလှူရှင်များ၊ ပရဟိတအဖွဲ့များ၊ အနုပညာရှင်များအားလုံးကိုလည်း အထူးပင်ကျေးဇူးဥပကာရ တင်ရှိရပါသည်။

လေးမျက်နှာမြို့ကို ခွဲခြမ်းစိတ်ဖြာခြင်း

လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးသည့်အခါတိုင်း ကျွန်တော်မေးရသည့် မေးခွန်းတစ်ခုမှာ တိုက်ပွဲရှောင်လား၊ ရေရှောင်လားဟူ၍ ဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အဖွဲ့များ ၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့ ဝင်ရောက်လာချိန်မှစ၍ လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်း ၁၉ အုပ်စုတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသည်။ ထိုဒေသများရှိ ဒေသခံပြည်သူများ အရှေ့ခြမ်းဒေသများသို့ ယာယီတိုက်ပွဲရှောင်ခဲ့ကြရသည်။ ကျောင်းတွေပိတ်၊ ဆေးရုံဆေးခန်းတွေပိတ်၊ စိုက်ပျိုးရေးလုပ်ငန်း အားလုံးရပ်ဆိုင်းကာ ပုသိမ် - မုံရွာ ကားလမ်းမကြီး ကိုလည်း အသုံးမပြုနိုင်တော့ပေ။

အနောက်ဘက်ခြမ်းမှာ မတည်ငြိမ်၍ ယာယီတိုက်ပွဲရှောင်လာကြသော ၁၉ အုပ်စု ပြည်သူအချို့ အနေဖြင့် ရေဘေးထပ်သင့်မှုနှင့် ထပ်မံကြုံတွေ့ပြီး ဒုက္ခနှစ်မျိုးခံစားခဲ့ကြရကာ တိုက်ပွဲရှောင်၊ ရေရှောင်ပြည်သူများ ဖြစ်ကုန်ကြတော့သည်။ သို့သော် အနောက်ဘက်ခြမ်း ၁၉ အုပ်စုအနက် အချို့ ကျေးရွာများတွင် တည်ငြိမ်အေးချမ်းမှု အတန်အသင့်ပြန်ရနေပြီဖြစ်၍ ဒေသခံပြည်သူများကို လွန်ခဲ့သည့် သုံးလခန့်မှစတင်ကာ သက်ဆိုင်ရာက နေရပ်ပြန်ခွင့်ပြုခဲ့သည်။ စိုက်ပျိုးရေးလုပ်ငန်းများကား တွင်တွင်ကျယ်ကျယ် မစနိုင်သေး။ သို့သော် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအတွက် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာခဲ့သည်။

ပြီးခဲ့သည့် လဆန်းပိုင်းရက်တစ်ရက်တွင် ရွာက ရွာသားတစ်ဦး ဖုန်းဆက်လာသည်။ အနောက်ဘက် ခြမ်းမှ ကျောင်းအုပ်ကြီး ခုနစ်ဦး ပုသိမ်တွင် အစည်းအဝေးတက်ရမည်။ မကြာမီ ကျောင်းတွေဖွင့်တော့မည်ဟု သတင်းစကားကြားရကြောင်း သူကပြောလာ၏။ အဆိုးထဲမှ အကောင်းအဖြစ် မှတ်ယူ၍ ကျွန်တော်အလွန်ဝမ်းသာမိပါသည်။ ကျောင်းတွေ မဖွင့်မီ ကျွန်တော်အရင်ရောက်သင့်သည်ဟု ယူဆမိ၍ လေးမျက်နှာရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ခေတ္တထားခဲ့ကာ ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့တွင် စက်လှေဖြင့် ထွက်ခွာ၍ အထက လှော်ကထား၊ အမကစိန်တောင်၊ အမကအောက်စု၊ အမကမိုးကုတ်၊ အမကအင်းလွတ်၊ အမကကရင် ဆယ်ကျောင်းများသို့ သွားရောက်ခဲ့သည်။ ကျောင်းသားမိဘများကလည်း တက်ကြွကြသည်။

ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို တပျော် တပါး ဆောင်ရွက်ပေးကြသည်။ အထကကွမ်းခြံ ကုန်း(အနောက်)ကိုမူ မရောက်ခဲ့ပါ။ တွေ့ဆုံခဲ့ရ သည့် ဆရာ၊ မိဘ၊ ကျောင်းသား ကျောင်းသူများ ကို အားပေးစကားများ ပြောကြားကာ အထက(၂)ကျောင်းကို ငွေကျပ်ငါးသိန်းစီ၊ အမက(၅)ကျောင်း ကို ငွေကျပ်သုံးသိန်းစီ စုစုပေါင်း ငွေကျပ်၂၅ သိန်းလှူခဲ့သည်။ ကျွန်တော်ရောက်သွားသည့်နေ့မှာပင် အောက်စု၊ မိုးကုတ်နှင့် အင်းလွတ်ကျောင်းများက ကျောင်းအပ်လက်ခံနေသည်ကို တွေ့ရ၏။

နောက်ထပ် ဝမ်းသာစရာသတင်းတစ်ခုကမူ လှော်ကထားတိုက်နယ်ဆေးရုံကို ပြန်လည်ဖွင့်လှစ် ခွင့်ပြုခြင်းဖြစ်သည်။ ဆရာဝန်တစ်ဦး၊ သူနာပြုနှစ် ဦးနှင့် ဆေးဝါးများကို တိုင်းဒေသကြီးနှင့် မြို့နယ် ကျန်းမာရေးဌာနများက စီစဉ်ပေးသည်။ ၎င်းတို့ကို စက်လှေလေးစင်းဖြင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျွန်တော်ပို့ဆောင်ပေးခဲ့သည်။ ဩဂုတ်လ ၁၆ ရက်နေ့တွင် ဆေးရုံဖွင့်လှစ်ပြီဖြစ်ကြောင်း သတင်း စကားကြားရ၍ ဝမ်းသာသည်။

လေးမျက်နှာ ပြန်လည်နိုးထရမည်

အကျော်ဒေးယျဆရာတော်ကြီးများ၊ နိုင်ငံကျော်ပုဂ္ဂိုလ်ကြီးများမွေးဖွားရာ လေးမျက်နှာဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၏ ၁၉၆၈ - ၆၉ မှသည် ၁၉၇၂ ထိ ဗကပဖြတ်လေးဖြတ် စစ်ဆင်ရေးကြီး များနှင့် ကြုံခဲ့သော လေးမျက်နှာဒေသ၊ သဘာဝဘေးအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်တွန်းလှန်ခဲ့သော လေးမျက်နှာဒေသသည် လတ်တလောကာလတွင် ယာယီနေရပ်စွန့်ခွာရ၊ သဘာဝရေဘေးကို မလွှဲ မရှောင်သာ ရင်ဆိုင်နေရသော အခြေအနေဖြစ်ပါ သည်။ သို့သော် ကျွန်တော်အလေးအနက်ယုံကြည် ထားသည်မှာ ယခုရင်ဆိုင်နေရသော ဘေးအန္တရာယ် နှစ်မျိုးသည် အချိန်ကာလတစ်ခုအတွင်း၌ ကင်းစင် လွင့်ပျောက်သွားမည်ဟူ၍ပင်။ ယုံကြည်ချက်ရှိဖို့ လိုသည်။ ခံယူချက်ကောင်းမွန်ဖို့လိုသည်။ လက်တွဲညီဖို့ လိုသည်။ ဖြစ်အောင်လည်း ကြိုးစားသွားပါမည်။ တစ်ချိန်မှာ ကျွန်တော် ကြွေးကြော်ခွင့်ရပါလိမ့်မည်။ ထို့ကြောင့် ဤအရာကို လေးမျက်နှာဟု ခေါ်ပါသည် ဟူ၍..........။ ။