မြန်အောင် စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာ အုပ်စု မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသား အလျား ၇၅ ပေခန့်၊ အနံ(အကျယ်) ပေ ၆၀ ခန့်တွင် မြေသား တစ်ပေခွဲခန့် တာဆင်ခြေလျှောနိမ့်ကျမှု(Slide) ဖြစ်ပွားခဲ့သည်။
မမြဆည်တာတမံ တာဆင်ခြေလျှောနိမ့်ကျမှု တာအိလျှောကျခြင်း ဆက်လက်မဖြစ်ပွားစေရန် မြန်အောင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့က ဦးဆောင်၍ ကျောက်အိတ်များဖြင့် တာထောက်ခြင်း လုပ်ငန်း၊ တာအက်ကြောင်းအတွင်း မိုးရေမဝင်ရန် အက်ကြောင်း ဖြစ်ပေါ်ရာနေရာတစ်ခုလုံးကို ခြုံငုံမိစေရန် မိုးကာဖြင့် အမိုးပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ တာဆင်ခြေလျှော နိမ့်ကျမှု တာအိလျှောကျခြင်း ဖြစ်ပေါ်သည့် နေရာတွင် အက်ကြောင်းပြောင်းလဲမှု၊ နိမ့်ကျမှု ရှိ/မရှိ ၂၄ နာရီ ကြည့်ရှုစောင့်ကြပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)


