ဒေါက်တာခင်စန္ဒာလွင်(မွေး-ကု)
“မြေတစ်လက်မချင်းစီကို တန်ဖိုးထား၊ တိရစ္ဆာန်တစ်ကောင်ချင်းစီကို စနစ်တကျမွေးမြူ၊ အစားအစာ တစ်နပ်ချင်းစီကို အာဟာရပြည့်ဝစေကာ မိမိတို့ ဒေသ၏ စားရေရိက္ခာကို မိမိတို့လက်ဖြင့် ဖန်တီး ကြပါစို့”
နံနက်ခင်း၏ နေရောင်ခြည်သည် မြေပြင်ပေါ်သို့ ရွှေရောင်ခြည်များ ဖြန့်ကြက်နေချိန်တွင် လယ်သမားများသည် လယ်ယာမြေများ၌ လယ်ထွန်ယက်နေကြသကဲ့သို့ တစ်ဖက်၌လည်း မွေးမြူရေးသမားများသည် မိမိတို့၏ နွား၊ ဝက်၊ ကြက်၊ ဘဲ၊ ဆိတ်နှင့် ငုံးများကို အစာကျွေးမွေးခြင်း၊ ရေတိုက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ခြင်းတို့ကို အားတက်သရော ဆောင်ရွက်နေကြသည်။ ထိုမြင်ကွင်းများသည် မြန်မာနိုင်ငံ၏ စားရေရိက္ခာဖူလုံရေးအတွက် အခြေခံအုတ်မြစ်များကို တည်ဆောက်ပေးနေသည့် အားမာန်ပြည့်ဝသော လက်တွေ့မြင်ကွင်းတစ်ရပ်ပင်ဖြစ်သည်။
လူတစ်ဦးသည် နေ့စဉ်ဘဝကို ဖြတ်သန်း၍ အလုပ်လုပ်ရန် ခွန်အားလိုအပ်သကဲ့သို့ ထိုခွန်အားကို ဖြည့်ဆည်းပေးရန် အာဟာရပြည့်ဝသော အစားအစာများလည်းလိုအပ်သည်။ ထမင်းတစ်ပန်းကန်၊ အသားတစ်တုံး၊ ဥတစ်လုံး၊ နို့တစ်ခွက်တို့သည် သာမန်စားသောက်စရာများဟု ထင်ရသော်လည်း ထိုအစားအစာများ၏ နောက်ကွယ်တွင် လယ်သမား၏ချွေး၊ မွေးမြူရေးသမား၏ ကြိုးစားအားထုတ်မှု၊ ပညာရှင်များ၏ နည်းပညာနှင့် သက်ဆိုင်ရာဌာနများ၏ ပံ့ပိုးဆောင်ရွက်မှုတို့ ပေါင်းစပ်ပါဝင်နေသည်။ ထို့ကြောင့် စားရေရိက္ခာဖူလုံရေးသည် လူတစ်ဦးချင်း ၏ နေ့စဉ်ဘဝအတွက်သာမက နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် အမျိုးသားလုံခြုံရေးတို့ အတွက်ပါ အရေးကြီးသော အခြေခံအုတ်မြစ်တစ်ရပ် ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး သည် လူဦးရေထူထပ်မှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် စီးပွားရေးလုပ်ငန်းများ စုစည်းတည်ရှိမှုတို့ကြောင့် စားရေရိက္ခာလိုအပ်ချက်မှာ ကြီးမားလှသည်။ နေ့စဉ်စားသုံးရန် အသား၊ ဥ၊ နို့နှင့် အခြားအာဟာရ ပြည့်ဝသော စားရေရိက္ခာများကို ဒေသတွင်းဖူလုံအောင် ဖြည့်ဆည်းပေးနိုင်ရန် ထုတ်လုပ်မှုအခြေခံ ကိုလည်း ခိုင်မာအောင် တည်ဆောက်ထားရမည်ဖြစ်သည်။
ထိုအခြေအနေတွင် “စားရေရိက္ခာကို ဘယ်ကရမလဲ” ဟူသော မေးခွန်းထက် “စားရေရိက္ခာကို မိမိတို့ဒေသအတွင်း မည်သို့ပိုမိုထုတ်လုပ်ကြမည်နည်း” ဟူသော မေးခွန်းကို ပိုမိုအလေးထား စဉ်းစား သင့်ပြီဖြစ်သည်။ ထိုမေးခွန်း၏အဖြေများအနက် အရေးပါသော အဖြေတစ်ရပ်မှာ မွေးမြူရေးလုပ်ငန်း ပင်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း စနစ်တကျဖော်ဆောင်ထားသည့် မွေးမြူ ရေးဇုန်များကို ထိရောက်စွာအသုံးချ၍ အသား၊ နို့၊ ဥ စသည့်အာဟာရစားရေရိက္ခာများကို ပိုမို ထုတ်လုပ်နိုင်ရေးသည် ယနေ့အချိန်တွင် အလေးထားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ရပ် ဖြစ်လာသည်။ “စားနပ်ရိက္ခာဖူလုံဖို့ မွေးမြူရေး ဆောင်ရွက်စို့” ဟူသော ဆောင်ပုဒ်သည် စကားလုံး များသာမဟုတ်တော့ဘဲ ရန်ကုန်တိုင်းဒေသကြီး၏ မြေပြင်ပေါ်တွင် လက်တွေ့အကောင်အထည်ဖော်ရ မည့် ရည်မှန်းချက်တစ်ရပ် ဖြစ်လာသည်။
ရန်ကုန်၏ စားရေရိက္ခာအတွက် မွေးမြူရေးဇုန်များ
ရန်ကုန်မြို့ပြဒေသသည် စားသုံးသူများပြားသည့်အတွက် စားရေရိက္ခာလိုအပ်ချက်လည်း ကြီးမားသည်။ ထိုလိုအပ်ချက်ကို အခြားဒေသများမှသာ အမြဲတမ်း သယ်ယူဖြည့်ဆည်းနေမည်ဆိုပါက သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ခြင်း၊ ထုတ်ကုန်များ ပျက်စီးဆုံးရှုံးခြင်းနှင့် ဈေးနှုန်း မတည်ငြိမ်ခြင်းတို့ကို ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် စားသုံးသူဈေးကွက်နှင့် နီးကပ်သော ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေးထုတ်လုပ်မှုကို မြှင့်တင်ခြင်းသည် စားရေရိက္ခာဖူလုံရေးအတွက် အရေးပါသည်။ ယင်းရည်ရွယ်ချက်ဖြင့် ညောင်နှစ်ပင်၊ တွံတေး၊ တိုက်ကြီးနှင့် ကော့မှူးတို့တွင် မွေးမြူရေးဇုန်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအစီအစဉ် ဖြင့် ဖော်ဆောင်ထားခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၏ စားရေရိက္ခာထုတ်လုပ်ရေးအတွက် အားထားရမည့် အခြေခံအုတ်မြစ်များပင် ဖြစ်သည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးဇုန် — အစပြုရာ အုတ်မြစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မွေးမြူရေး လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးလာစေရန် အရေးပါသော နေရာတစ်ခုမှာ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူ ရေးအထူးဇုန်ဖြစ်သည်။ ညောင်နှစ်ပင်ဇုန် (၁) သည် မှော်ဘီမြို့နယ် ညောင်နှစ်ပင်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ဇုန် (၂) နှင့် ဇုန် (၃) တို့သည် လှည်းကူး မြို့နယ်အတွင်း တည်ရှိသည်။ ဇုန်သုံးခု၏ စုစုပေါင်း ဧရိယာမှာ ၁၀၀၆၂ ဧကရှိပြီး မွေးမြူရေးဧရိယာမှာ ၁၅၀၁ ဧကရှိသည်။ မွေးမြူရေးကွက်များ ဖော်ဆောင်ထားပြီး ကြက်၊ ဝက်၊ နွား၊ ဆိတ်၊ ဘဲ၊ ငုံး စသည့်တိရစ္ဆာန်အမျိုးမျိုးကို မွေးမြူထားရှိကာ ရန်ကုန်မြို့၏ စားသုံးသူများအတွက် အသား၊ ဥနှင့် အခြားစားရေရိက္ခာများ ထုတ်လုပ်ပေးလျက်ရှိသည်။ ဇုန်တစ်ခု၏ အင်အားသည် မြေဧရိယာအကျယ် အဝန်းဖြင့်သာ မဆုံးဖြတ်နိုင်ပေ။ ထိုမြေပေါ်တွင် တိရစ္ဆာန်များကို မည်မျှကျန်းမာစွာ မွေးမြူနိုင်သနည်း၊ ထုတ်လုပ်မှုကို မည်မျှထိရောက်အောင် ဆောင်ရွက်နိုင်သနည်း၊ ရောဂါအန္တရာယ်ကို မည်မျှကောင်းမွန်စွာ ထိန်းချုပ်နိုင်သနည်းဆိုသည်က ပို၍အရေးကြီးသည်။ ထိုနေရာတွင် မွေးမြူရေးနှင့် ကုသရေးဝန်ဆောင်မှုများ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာသည်။
တွံတေးမွေးမြူရေးဇုန် — မြို့ပြနှင့် ကျေးလက်ကို ချိတ်ဆက်ပေးသော လက်တံ
၂၀၂၃ ခုနှစ် ဇွန်လ ၂၅ ရက်မှစတင်၍ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးဇုန်ကို အပိုင်းသုံးပိုင်းဖြင့် အကောင်အထည်ဖော်ခဲ့သည်။ ဇုန်သုံးပိုင်း၏ စုစုပေါင်းဧရိယာမှာ ၅၈၁ ဒသမ ၅၄ ဧကရှိပြီး မွေးမြူရေးလုပ်ငန်းရှင် ၉၉ ဦး ပါဝင် ဆောင်ရွက်လျက်ရှိသည်။ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံးတို့ကို မွေးမြူထားရှိခြင်းသည် ထုတ်ကုန် အမျိုးအစားစုံလင်စွာထုတ်လုပ်နိုင်မည့် အခြေခံ ကောင်းတစ်ရပ်ဖြစ်သည်။
တိုက်ကြီးမွေးမြူရေးဇုန်— အနာဂတ်၏ မွေးမြူရေး အင်အား
တိုက်ကြီးမွေးမြူရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး၏ အရေးပါသော မွေးမြူရေးဇုန်တစ်ခု ဖြစ်သည်။ တိုက်ကြီးမြို့မှ ရှစ်မိုင်ခန့်အကွာတွင် တည်ရှိပြီး ဧက ၂၀၀၀ နီးပါး အကောင်အထည်ဖော်် ဆောင်ရွက်ခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃ ရက်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ငုံးနှင့် နို့စားနွား စသည့် တိရစ္ဆာန်များကို မွေးမြူထားရှိကြောင်း တွေ့ရသည်။ ဧရိယာ အကျယ်အဝန်းနှင့် ထုတ်လုပ်နိုင်မည့် အလားအလာအရ တိုက်ကြီးမွေးမြူရေးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး၏ စားရေရိက္ခာထုတ်လုပ်ရေးတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။ ထိုအလားအလာကို အမှန်တကယ် ထုတ်လုပ်မှုအဖြစ် ပြောင်းလဲနိုင်ရန် အခြေခံအဆောက်အအုံ၊ နည်းပညာ၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ဇီဝလုံခြုံရေးတို့ကို တစ်ပြိုင်နက်တည်း အားကောင်းအောင် ဆောင်ရွက်ရန် လိုအပ်သည်။
ကော့မှူးမွေးမြူရေးဇုန် — အသစ်သောအခွင့်အလမ်း
၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ တွံတေးခရိုင် ကော့မှူးမြို့နယ် ဆူးကလပ်ရော်ဘာခြံအနီးရှိ မြေဧရိယာ ၁၂၄၁ ဧကကို မွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်ခဲ့ပြီး အပိုင်း (၁) မှ အပိုင်း (၅) အထိ ခွဲခြားဖော်ဆောင်ခဲ့သည်။ ဇုန်အပိုင်းငါးပိုင်း၏ စုစုပေါင်းဧရိယာမှာ ၁၂၄၁ ဧကရှိပြီး မွေးမြူရေး လုပ်ငန်းရှင် ၂၁၇ ဦး ပါဝင်ကာ နွား၊ ကြက်၊ ဝက်၊ ဆိတ်၊ ဘဲ၊ ငုံး စသည့် တိရစ္ဆာန်များကို မွေးမြူထားရှိ သည်။ အသစ်ဖော်ဆောင်သည့် ဇုန်ဖြစ်သည့်အတွက် အစကတည်းက ခေတ်မီစီမံခန့်ခွဲမှုစနစ်များကို ထည့်သွင်းနိုင်မည့် အခွင့်အရေးရှိသည်။ မွေးမြူရေး ခြံများ၏ အကွာအဝေး၊ ရေစီးဆင်းမှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ တိရစ္ဆာန်ကျန်းမာရေး၊ ဇီဝလုံခြုံရေးနှင့် ထုတ်ကုန်သယ်ယူပို့ဆောင်ရေးတို့ကို တစုတစည်း တည်း စီမံနိုင်ပါက ကော့မှူးမွေးမြူရေးဇုန်သည် အနာဂတ်တွင် စံပြမွေးမြူရေးဇုန်တစ်ခု ဖြစ်လာနိုင်သည်။
မွေးမြူရေးတိုးတက်ရေး၏ အဓိကသော့ချက် တိရစ္ဆာန်အစာ
တိရစ္ဆာန်မွေးမြူရေးတွင် “အစာကောင်းလျှင် တိရစ္ဆာန်ကောင်း၊ တိရစ္ဆာန်ကောင်းလျှင် ထုတ်လုပ် မှုကောင်း” ဟူသည့် အခြေခံသဘောတရားကို မမေ့သင့်ပေ။ အစာကုန်ကျစရိတ် မြင့်တက်ပါက မွေးမြူရေးလုပ်ငန်းရှင်၏ ထုတ်လုပ်မှုကုန်ကျစရိတ်လည်း မြင့်တက်လာမည်။ ထိုကုန်ကျစရိတ်သည် နောက်ဆုံးတွင် စားသုံးသူများ ဝယ်ယူစားသုံးရသည့် ဈေးနှုန်းအပေါ် သက်ရောက်လာနိုင်သည်။ ထို့ကြောင့် ဒေသတွင်းရရှိနိုင်သည့် စိုက်ပျိုးရေး ထွက်ကုန်များနှင့် အစာကုန်ကြမ်းများကို ထိရောက် စွာအသုံးချ၍ အရည်အသွေးကောင်းမွန်ပြီး ကုန်ကျစရိတ်သင့်တင့်သည့် တိရစ္ဆာန်အစာများ ထုတ်လုပ် နိုင်ရေးကို အလေးထားရမည်။ စိုက်ပျိုးရေးမှ ရရှိသည့်ကုန်ကြမ်းကို မွေးမြူရေးအစာအဖြစ် အသုံးပြုပြီး မွေးမြူရေးမှ ရရှိသည့် အညစ်အကြေးကို စိုက်ပျိုးရေးမြေဩဇာအဖြစ် ပြန်လည်အသုံးချနိုင်လျှင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် တစ်ခုကို တစ်ခုအားဖြည့်ပေးသည့် စက်ဝိုင်းတစ်ခု ဖြစ်လာမည်။
ထိုစက်ဝိုင်းကိုတည်ဆောက်နိုင်ခြင်းသည် စားရေ ရိက္ခာဖူလုံရေးအတွက် အလွန်တန်ဖိုးရှိသည်။
မျိုးကောင်းမျိုးသန့်
တိရစ္ဆာန်အရေအတွက် များပြားလာခြင်းသည် ထုတ်လုပ်မှုတိုးတက်ခြင်းနှင့် တစ်ထပ်တည်း မဟုတ်ပေ။ တိရစ္ဆာန်တစ်ကောင်သည် အစာများစွာ စားသော်လည်း အသားထွက်နှုန်းနည်းလျှင် စီးပွားရေးအရ ထိရောက်မှုမရှိနိုင်ပေ။ ကြက်အရေအတွက်များပြားသော်လည်း ဥထွက်နှုန်းနည်းပါက စားရေရိက္ခာဖူလုံရေးအပေါ် အကျိုးသက်ရောက်မှုနည်းမည်ဖြစ်သည်။ ထို့ကြောင့် ဒေသနှင့် ကိုက်ညီ သော မျိုးကောင်းမျိုးသန့်များကို ရွေးချယ်မွေးမြူ ခြင်း၊ မျိုးမြှင့်တင်ခြင်းနှင့် တိရစ္ဆာန်များ၏ မျိုးရိုးဗီဇဆိုင်ရာ အရည်အသွေးမြှင့်တင်ခြင်းတို့ကို အလေးထားရမည်။ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာခြင်းသည် အစာ၊ ရေ၊ မြေယာနှင့် လုပ်သားအင်အားတို့ကို ပိုမို ထိရောက်စွာ အသုံးချနိုင်စေမည်ဖြစ်သည်။
ဇီဝလုံခြုံရေး
မွေးမြူရေးဇုန်များတွင် တိရစ္ဆာန်များ စုစည်းမွေးမြူထားခြင်းကြောင့် ရောဂါများ ကူးစက်ပျံ့နှံ့နိုင် သည့် အန္တရာယ်လည်းရှိသည်။ လူများ၊ ယာဉ်များ၊ အစာများနှင့် တိရစ္ဆာန်များ၏ ရွှေ့ပြောင်းမှုမှ တစ်ဆင့် ရောဂါပိုးများ ခြံတစ်ခြံမှတစ်ခြံသို့ ပျံ့နှံ့နိုင် သည်။ ထို့ကြောင့် မွေးမြူရေးဇုန်တိုင်းတွင် ဇီဝ လုံခြုံရေးကို မဖြစ်မနေ အလေးထားရမည်။ ခြံဝင်ပေါက်များတွင် သန့်ရှင်းပိုးသတ်ရေးစနစ်ထားရှိခြင်း၊ ရောဂါဖြစ်သည့် သို့မဟုတ် သံသယရှိသည့် တိရစ္ဆာန်များကို သီးခြားထားရှိခြင်း၊ တိရစ္ဆာန် အသစ်များကို ချက်ချင်းရောနှောမထားဘဲ စောင့်ကြည့်ခြင်းနှင့် တိရစ္ဆာန်ဆေးကုသရေး ဝန်ဆောင်မှုကို ပုံမှန်ရယူခြင်းတို့သည် မရှိမဖြစ် လိုအပ်သည်။
ဤနေရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၏ ကွင်းဆင်းဆောင်ရွက်မှုသည် အရေးပါသည်။ ရောဂါဖြစ်ပွားမှုကို စောစီးစွာသိရှိနိုင်ရေး၊ လိုအပ်သည့် ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ရေး နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာများကို မွေးမြူရေးလုပ်ငန်းရှင်များထံ လက်တွေ့ ကျကျ ဖြန့်ဝေပေးနိုင်ရေးတို့သည် စားရေရိက္ခာ ထုတ်လုပ်မှုကို မပြတ်တောက်စေရန် အခြေခံကျသော လုပ်ငန်းများဖြစ်သည်။
နည်းပညာနှင့် မွေးမြူရေး
ယနေ့ခေတ်တွင် “မွေးမြူရေး” ဆိုသည်မှာ တိရစ္ဆာန်များကို အစာကျွေးပြီး ကြည့်ရှုစောင့်ရှောက် ရုံမျှ မဟုတ်တော့ပေ။ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ ကိုယ်အလေးချိန်၊ အစာစားသုံးမှု၊ နို့ထွက်နှုန်း၊ ဥထွက်နှုန်း၊ ရောဂါဖြစ်ပွားမှုနှင့် ထုတ်လုပ်မှုကုန်ကျ စရိတ်တို့ကို မှတ်တမ်းတင်၍ ခွဲခြမ်းစိတ်ဖြာရန် လိုအပ်လာသည်။ အပူချိန်ထိန်းချုပ်မှု၊ လေဝင် လေထွက်၊ အစာကျွေးစနစ်၊ ရေဖြန့်ဖြူးမှုနှင့် အညစ် အကြေးစီမံခန့်ခွဲမှုတို့တွင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ပါက ထုတ်လုပ်မှုထိရောက်မှုကို မြှင့်တင်နိုင်မည် ဖြစ်သည်။ သို့သော် နည်းပညာသည် မွေးမြူရေးသမား၏ လက်တွေ့အတွေ့အကြုံနှင့် ပေါင်းစပ်နိုင်မှသာ အကျိုးရှိမည်ဖြစ်သည်။ ထိုပေါင်းစပ်မှုကို အကောင်အထည်ဖော်ပေးနိုင်ရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကဲ့သို့သော သက်ဆိုင်ရာဌာနများ၏ နည်းပညာပံ့ပိုးမှုနှင့် ကွင်းဆင်းလမ်းညွှန်မှုများသည် အရေးပါသည်။
မြေပြင်မှ စတင်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ အခန်းကဏ္ဍ
မွေးမြူရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရေးသည် အဆောက်အအုံများ တည်ဆောက်ပေးရုံဖြင့် မပြီးဆုံး နိုင်ပေ။ တိရစ္ဆာန်များ ကျန်းမာရေးကောင်းမွန်မှသာ ထုတ်လုပ်မှုကောင်းမွန်မည်ဖြစ်ပြီး ထုတ်လုပ်မှု ကောင်းမွန်မှသာ စားရေရိက္ခာဖူလုံရေးအတွက် အမှန်တကယ်အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ထို့အတွက် ရန်ကုန်တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် မွေးမြူရေးဇုန်များအတွင်း မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့် တိရစ္ဆာန်ကျန်းမာရေးကောင်းမွန်စေရန် မြေပြင် ကွင်းဆင်းဆောင်ရွက်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိသည်။ မွေးမြူရေးခြံများအတွင်း တိရစ္ဆာန်ကျန်းမာရေး အခြေအနေများကို စောင့်ကြည့်စစ်ဆေးခြင်း၊ ရောဂါဖြစ်ပွားမှုနှင့် ရောဂါအန္တရာယ်များကို စောစီးစွာသိရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ လိုအပ်သည့် တိရစ္ဆာန်ဆေးကုသ ရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်ခြင်းတို့အပြင် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဇီဝ လုံခြုံရေးဆိုင်ရာ အသိပညာများကို မွေးမြူရေး လုပ်ငန်းရှင်များထံ လက်တွေ့ကျကျ ဖြန့်ဝေပေး လျက်ရှိသည်။ ထို့အပြင် ခေတ်မီမွေးမြူရေးနည်း စနစ်များ အသုံးချနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များကို စနစ်တကျ အသုံးပြုနိုင်ရေး၊ အစာအာဟာရစီမံခန့်ခွဲမှု ကောင်းမွန်ရေးနှင့် တိရစ္ဆာန်ကျန်းမာရေးကို အလေးထားဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည့် နည်းပညာနှင့် လမ်းညွှန်မှုများကို ကွင်းဆင်း ပေးလျက်ရှိသည်။
ဤသို့ မွေးမြူရေးသမားများနှင့် တစ်သားတည်း မြေပြင်တွင် လက်တွဲဆောင်ရွက်ခြင်းသည် မွေးမြူ ရေးလုပ်ငန်းရှင်များ၏ အခက်အခဲများကို အချိန်မီ သိရှိနိုင်စေပြီး လက်တွေ့လိုအပ်ချက်နှင့်ကိုက်ညီ သော ဖြေရှင်းမှုများကို ဖော်ဆောင်ပေးနိုင်စေသည်။ ထို့ကြောင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ လုပ်ငန်းသည် “ကုသပေးခြင်း” တစ်ခုတည်းမဟုတ်ပေ။ ကာကွယ်ခြင်း၊ စောင့်ကြည့်ခြင်း၊ စစ်ဆေးခြင်း၊ နည်းပညာပေးခြင်း၊ လမ်းညွှန်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းရှင်များနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ကို ပေါင်းစပ်ထားသည့် စားရေရိက္ခာထုတ်လုပ်ရေး၏ အခြေခံဝန်ဆောင်မှုတစ်ရပ်ဖြစ်သည်။
ညနေခင်းနေ အနောက်ဘက်သို့ ဝင်ရောက်သွားချိန်တွင်ပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကူညီပံ့ပိုးမှုတို့ဖြင့်ဆောင်ရွက်လျက်ရှိသော မွေးမြူရေးသမားများ၏လက်များ မနားနိုင်သေးပေ။ ကြက်ခြံကို စောင့်ကြည့်၊ နွားများကို အစာကျွေး၊ ရေတိုက်ကာ နောက်တစ်နေ့အတွက် ပြင်ဆင်နေ ကြဆဲဖြစ်သည်။ ထိုလက်များသည် သာမန်လက်များမဟုတ်။ ပြည်သူတို့၏ စားပွဲပေါ်သို့ အသား၊ ဥ နှင့် နို့များ ရောက်ရှိလာစေမည့် လက်များပင်ဖြစ်သည်။
စားရေရိက္ခာဖူလုံရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရက ဖော်ဆောင်ပေးသော ညောင်နှစ်ပင်၊ တွံတေး၊ တိုက်ကြီးနှင့် ကော့မှူး မွေးမြူရေး ဇုန်များသည် ထုတ်လုပ်မှုအင်အားအဖြစ် ပြောင်းလဲ ပေးနိုင်မည့် အရေးပါသောအခြေခံများဖြစ်သည်။ မွေးမြူရေးဇုန်များဖော်ဆောင်၍ ကျန်းမာသန်စွမ်း သော တိရစ္ဆာန်များ၊ အရည်အသွေးကောင်းမွန်ပြီး ဘေးကင်းလုံခြုံသော ထုတ်ကုန်များနှင့် ရောဂါ ကင်းစင်၍ သန့်ရှင်းကောင်းမွန်သော မွေးမြူရေး ပတ်ဝန်းကျင်တို့ ပြည့်စုံစွာရှိမှသာ စားရေရိက္ခာဖူလုံ ရေးအတွက် အမှန်တကယ် အကျိုးပြုနိုင်မည်ဖြစ်သည်။
မွေးမြူရေးသမား၏ ကြိုးစားအားထုတ်မှု၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ နည်းပညာနှင့် ဝန်ဆောင်မှု၊ လုပ်ငန်းရှင်များ၏ စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုတို့ ပေါင်းစည်းနိုင်မှသာ ဇုန်တစ်ခုသည် ထုတ်လုပ်ရေး အင်အားတစ်ရပ်အဖြစ် အမှန်တကယ်ရပ်တည် နိုင်မည်ဖြစ်သည်။
ယနေ့ မွေးမြူထားသော တိရစ္ဆာန်တစ်ကောင်သည် မနက်ဖြန်တွင် မိသားစုတစ်စု၏ စားပွဲပေါ်ရှိ ဥတစ်လုံး၊ နို့တစ်ခွက်၊ အသားတစ်ပန်းကန်အဖြစ် ပြောင်းလဲရောက်ရှိလာနိုင်သည်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများနှင့် ပံ့ပိုးကူညီမှုများဖြင့် ထိုအစားအစာတစ်နပ်ချင်းစီသည် ရန်ကုန်တိုင်းဒေသကြီး၏ စားရေရိက္ခာဖူလုံရေးကို တစ်ဆင့်ချင်းစီ ပိုမိုခိုင်မာစေမည်ဖြစ်သည်။
ထို့ကြောင့် စားရေရိက္ခာဖူလုံမှ ပြည်သူတို့၏ အနာဂတ်ခိုင်မာမည်ဖြစ်ပြီး
“ရန်ကုန်တိုင်းဒေသကြီး ဇုန်များအတွင်း စားနပ်ရိက္ခာဖူလုံဖို့ — မွေးမြူရေးဆောင်ရွက်စို့။”


