ဖနောင်ပင် စက်တင်ဘာ ၇
ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၁ ခုနှစ်အထိ ခြောက်နှစ်တာသက်တမ်းရှိသည့် မျက်စိကျန်းမာရေးဘက်စုံစီမံကိန်းတစ်ခုကို စက်တင်ဘာ ၇ ရက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျက်စိကျန်းမာရေးသည် ပိုမိုကျယ်ပြန့်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံ၏ လူတိုင်းလက်လှမ်းမီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှုဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း မြို့တော်ဖနောင်ပင်တွင် ကျင်းပသည့် အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီး ချီအန်ရာက ပြောကြား သည်။
ယခုစီမံကိန်းသည် နိုင်ငံအတွင်းရှိ ကျေးလက်ဒေသ ဝေးလံခေါင်ဖျားနေရာများရှိ ဒေသခံများအား မျက်စိကျန်းမာရေး စောင့်ရှောက်ပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အမြင်အာရုံသည် အသိပညာများ လေ့လာရန် မရှိမဖြစ်လိုအပ်သည့်အရာဖြစ်ပြီး အမြင်အာရုံချို့တဲ့သည့် ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်ကို မြှင့်တင်ရာရောက်ကြောင်း ၎င်းက ပြောကြားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ခိုင်မာပြီးရေရှည်တည်တံ့ကာ တန်းတူညီမျှသော မျက်စိကျန်းမာရေးစနစ်တစ်ခု တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် မည်သူမျှနောက်ကျမကျန်ရစ်စေရန်အတွက် နိုင်ငံသားများ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန် ၎င်းက ပန်ကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


