တီဟီရန် စက်တင်ဘာ ၇
အီရန်နှင့် အိုမန်အကြား ဟော်မုဇ်ရေလက်ကြား ယာယီဖြတ်သန်းရေးလမ်းကြောင်း သတ်မှတ်ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါအီက စက်တင်ဘာ ၇ ရက်တွင် ပြောကြားသည်။
ယခုကဲ့သို့ နှစ်နိုင်ငံအကြား ဟော်မုဇ်ရေလက်ကြား ယာယီဖြတ်သန်းရေးလမ်းကြောင်း သတ်မှတ်ခြင်းကို အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့အစည်းတွင် မကြာမီရက်များအတွင်း မှတ်ပုံတင်၍ ဆောင်ရွက်ဖွယ်ရှိကြောင်း ၎င်းက ပြောကြားသည်။ ယခုကဲ့သို့ ဟော်မုဇ်ရေလက်ကြားတွင် မလုံခြုံမှု များရှိခြင်းသည် အီရန်အပေါ် အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးအရ ရန်လိုတိုက်ခိုက်မှုများကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံသို့ ကာတာကိုယ်စားလှယ်အဖွဲ့ရောက်ရှိခြင်းနှင့် ပတ်သက်၍ ၎င်းသည် ဒေသတွင်းတင်းမာမှုများလျှော့ချရန် ကာတာ၏ ကြိုးပမ်းမှုဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အီရန်နှင့် အိုမန်တို့အကြား ပြီးခဲ့သည့်လနှောင်းပိုင်းက ဟော်မုဇ်ရေလက်ကြားတွင် ရေကြောင်းသွားလာရေးဆိုင်ရာ ယာယီလမ်းကြောင်းသတ်မှတ်ရန်အတွက် လုပ်ငန်းမူဘောင်များချမှတ်ရန်နှင့် အဆိုပါရေလမ်းကြောင်းတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


