နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် PDF အမည်ခံ အဖွဲ့ဝင်အမျိုးသား ၁၇၇ ဦးနှင့် အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၁၉၅ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA -1 အမျိုးအစား သေနတ်သုံးလက်၊ MA -2 အမျိုးအစား သေနတ်တစ်လက်၊ M-22 အမျိုးအစား သေနတ်တစ်လက်၊ Type 81 အမျိုးအစား သေနတ်တစ်လက်၊ ၄၀ မမ လောင်ချာအမျိုးအစား သေနတ်တစ်လက်၊ လက်လုပ်သေနတ် တစ်လက်၊ ကျည်အိမ်မျိုးစုံ ၁၂ ခု၊ ကျည်မျိုးစုံ ၄၅၉ တောင့်၊ လက်ပစ်ဗုံးမျိုးစုံ ၂၅ လုံးနှင့် စကားပြောစက် တစ်လုံးတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ခုနစ်လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၅၀၊ လက်လုပ်သေနတ်တစ်လက်အတွက် ဆုကြေးငွေကျပ် ငါးသိန်း၊ လက်ပစ်ဗုံး ၂၅ လုံးအတွက် ဆုကြေးငွေကျပ် ၇၅ သိန်း၊ စကားပြောစက် တစ်လုံးအတွက် ဆုကြေးငွေကျပ် နှစ်သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူများအား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ၁၈၄ ဦးအတွက် ဆုကြေးငွေကျပ် ၁၈၄ သိန်းတို့ကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်၊ ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
အသက်ကတော့ ၁၈ နှစ်ပါ အဖွဲ့အစည်းကိုရောက်တော့ အသက်က ၁၄ နှစ်ပါ အဲဒီအဖွဲ့ထဲကိုရောက်သွားတဲ့ အကြောင်းရင်းကတော့ သူငယ်ချင်းတွေနဲ့ ပါသွားတာပါ။ အဲဒီရောက်တော့ သင်တန်းတွေဘာတွေ တက်ရပါတယ်၊ သင်တန်းက နှစ်လကျော်လောက် ပြီးတော့ထမင်းတွေလည်း နပ်မှန်အောင် မစားခဲ့ရပါဘူး။ သင်တန်းကာလမှာ ရိုက်တာတွေဘာတွေရှိပါတယ်။ သင်တန်းပြီးတော့ AA ကို ပို့ခံရပါတယ်။ အဲဒါ ပြီးတော့ အလုပ်တွေဘာတွေ ဝိုင်းကူလုပ်ရပါတယ်။ စိုက်ခင်းတွေဘာတွေလုပ်ရတယ်၊ ထမင်းတွေချက်ကူရတယ်၊ အဆောင်တွေ ဆောက်ကူရပါတယ်။ ပြီးတော့ ဖိနှိပ်တာတွေလည်းရှိပါတယ်။ လူမျိုးရေးခွဲခြားမှုတွေလည်း ရှိပါတယ်။ သူတို့ရဲ့ ဖိနှိပ်အာဏာရှင်ဆန်တဲ့ စနစ်တွေကို မကြိုက်လို့ တပ်မတော်ထဲကို အလင်းဝင်လာတာဖြစ်ပါတယ်။ တပ်မတော်မှာ အလင်းဝင်တော့ နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ဒီအခမ်းအနားပြီးသွားရင်လည်း မိဘတွေနဲ့ တွေ့ရမှာဖြစ်လို့ အလွန်လည်းဝမ်းသာပါတယ်။ တောထဲမှာကျန်ခဲ့တဲ့ ညီအစ်ကိုမောင်နှမတွေလည်း အမြန်ဆုံးအမြင်မှန်ရပြီးတော့ အလင်းဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။
မြင်းခြံ BLACK TIGER မှာ တာဝန်ထမ်းဆောင်ပါတယ်။ ဖောက်ခွဲရေးခေါင်းဆောင်ပါ။ ဒီတော်လှန်ရေးစလုပ်ခဲ့ရတာကတော့ ၁၄ နှစ်ကနေ စလုပ်ခဲ့တာပါ၊ ပြောရရင် ၂၀၂၂ ကနေစလုပ်ခဲ့တာပါ ရောက်ရောက်ချင်းမှာ သင်တန်းဆင်းရပါတယ်။ သင်တန်းဆင်းပြီးတော့ ရှေ့တန်းတန်းသွားရပါတယ်။ ရှေ့တန်းမှာ မြင်းခြံမြောက်ဘက်မှာ မိုင်းခေါင်းဆောင်အနေနဲ့ နေခဲ့ရပါတယ်။ ပြီးတော့ တိုက်ပွဲပေါင်းစုံနဲ့ တိုက်ခဲ့ပါတယ်။ နေရာပေါင်းစုံလည်းသွားခဲ့ရပါတယ်။ နေရာပေါင်းစုံသွားခဲ့ပြီးနောက်ပိုင်းမှာ အထက်ဖားအောက်ဖိများခဲ့ပါတယ်။ ခေါင်းဆောင်တော်တော်များများကတော့ ဆေးခြောက် WY ဆေးချကြပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး။ တော်တော်များများ အကုန်လုံးက မူးယစ်ဆေးဝါးတွေ သုံးစွဲပါတယ်။ ပြောရရင် ရဲဘော်တွေပဲ အောက်မှာနေပြီးတော့ ဘာမှမရဘဲနဲ့ လုပ်ကိုင်နေရတာပါ။ တပ်မတော်က တိုက်ခိုက်မှုလာပြီဆိုလည်း သူတို့ကားတွေမောင်းပြီး သူတို့ခေါင်းဆောင်တွေက ပြေးပါတယ်။ ရဲဘော်တွေ သေသေကျေကျေ ထားခဲ့ပါတယ်။ သူတို့လက်နက်တွေ အကုန်လုံးယူပြီး ပြေးပါတယ်။ ကျွန်တော်ဒီထဲကို အလင်းဝင်လာတာ သူတို့ယုတ်မာရိုင်းစိုင်း နှိပ်စက်တာတွေကြောင့် ကျွန်တော် အလင်းဝင်လာတာဖြစ်ပါတယ်။ ကျွန်တော် ဒီလိုအလင်းဝင်လာတဲ့အချိန်မှာ တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သူတို့ပြောတဲ့ သတ်မယ်ဖြတ်မယ် သူတို့ဘက်ကပြောတဲ့အတိုင်းမဟုတ်ပါဘူး နောက်လာမယ့် ညီအစ်ကိုတွေကိုလည်း ညီလေးတွေ မောင်နှမတွေ အကုန်လုံးကိုလည်း အလင်းဝင်လာဖို့ ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်


