တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဆေးတပ်ဖွဲ့ဝင်များပါဝင်သည့် ရထား လာအိုနိုင်ငံသို့ ရောက်ရှိ

ဗီယင်ကျန်း   စက်တင်ဘာ   ၇

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးတပ်ဖွဲ့ဝင်များပါဝင်သည့် ရထားသည် China-Laos "Peace Train-2026" ဟု အမည်ရသည့် ဆေးဘက်ဆိုင်ရာကုသရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်ရန်အတွက် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ စက်တင်ဘာ ၆ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။

၁၇ ရက်ကြာဆောင်ရွက်မည့် ဆေးဘက်ဆိုင်ရာနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပူးတွဲလေ့ကျင့်ရေးအစီအစဉ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဆေးတပ်ဖွဲ့ဝင်များသည်  လာအိုပြည်သူ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့နှင့် ပူးပေါင်း၍   ဆေးကုသရေးနှင့်  ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လေ့ကျင့်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ယခုခရီးစဉ်တွင် လိုက်ပါတာဝန်ထမ်းဆောင်သည့် တရုတ်ဆေးတပ်ဖွဲ့ဝင်များသည် ဆေးကုသရေးဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများကို  တက်ရောက်သင်ကြားပြီးသူများဖြစ်ပြီး တိုက်ပွဲအတွင်း ကုသမှုများ ကို လက်တွေ့ဆောင်ရွက်ခဲ့သူများဖြစ်ကြောင်း တရုတ်နိုင်ငံမှ ဆေးကုသရေးအဖွဲ့ခေါင်းဆောင်   ဆောင်ကိုင်ပင်းက  ပြောကြားသည်။

တရုတ်နိုင်ငံ၏ လာအိုနိုင်ငံကျန်းမာရေးကဏ္ဍအား ပြီးခဲ့သည့်နှစ်များအတွင်းက  ဆေးဘက်ဆိုင်ရာ အကူအညီများပေးခဲ့ခြင်းအတွက်   လာအိုနိုင်ငံက ကျေးဇူးတင်ရှိကြောင်းနှင့်  ယခုကဲ့သို့ ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်ရန်  ငြိမ်းချမ်း ရေးရထားခရီးစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံတပ်မတော်များအကြား အပြန်အလှန်ယုံကြည်မှုနှင့် ဆေးဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမြင့်တက်လာခဲ့ကြောင်း လာအိုပြည်သူ့တပ်မတော် ဗဟိုထောက်ပံ့ပို့ဆောင်ရေးဌာန ဒုတိယညွှန်ကြားရေးမှူး  ဘူဆင် အင်သာဗောင်က ပြောကြားသည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုအရ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းကွပ်ကဲမှု၊ ပူးတွဲကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာထောက်ပံ့မှုများတွင် တပ်မတော်များ၏ စွမ်းရည်များ တိုးမြှင့်သွားမည်ဖြစ်ပြီး နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်မှုအတွက်   စံနမူနာများကို  ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  လေ့ကျင့်မှုအပြီးတွင် ဆေးအဖွဲ့သည် ဗီယင်ကျန်း၊ ဆာဗားနားခတ်ချမ်ပါဆက်နှင့် အတက်ပီယူပြည်နယ်များသို့ သွားရောက်ကာ ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ဆေးပညာရပ်ဆိုင်ရာဟောပြောပွဲများ ကျင်းပဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ