ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်ခြောက်မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာအချို့၌ ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်း  ရေဖြတ်သန်း စီးဆင်းဝင်ရောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာ မြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော် နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။

ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သော်လည်း ကျုံပျော်မြို့နယ်တွင် ငဝန်မြစ်ရေသည်  ဩဂုတ် ၃၀ ရက်တွင် ရှစ်ပေတစ်လက်မခန့်ထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ခြောက်ပေ ၁၁ လက်မခန့်သာ ကျန်ရှိသဖြင့် ၁ ပေ ၂ လက်မ ခန့်ကျဆင်းသွားကြောင်း၊ ကျောင်းကုန်းမြို့နယ် တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၇ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ ပြီး ယနေ့တွင် ၆ ပေ ၂ လက်မခန့်သာ ကျန်ရှိသဖြင့် ၁၁ လက်မခန့်ကျဆင်းသွားခဲ့ကြောင်း၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ ၂ လက်မခန့်အထိ အမြင့် ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၆ ပေ ၁၀ လက်မ ခန့်သာ ကျန်ရှိသဖြင့် ၄ ပေ ၄ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

ထိုသို့  ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများတွင်  တင်ကျန်ခဲ့သည့် နုန်းများ၊ အမှိုက်များအား အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်း အဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊  ရေဘေး ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများနှင့် စားသောက်ဖွယ်ရာ များ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို  အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ  ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင်  ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများ အသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များ ဖြည့်၍ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်း စသည့်ငဝန်ပန်းတာတမံနိမ့်ကျ နေရာများ ပြန်လည်ခိုင်မာရေး လုပ်ငန်းများကို စက်ယန္တရားများနှင့် လုပ်အားစုများ အသုံးပြု၍ အင်တိုက်အားတိုက်  အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်