နေပြည်တော် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီ မြစ်ခွဲ) တာမိုင်(၁၁/၆)နှင့် (၁၁/၇)ကြားနေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်း တာ (ဧရာဝတီမြစ်ခွဲ)တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျား ပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားကာ အိပဲ့ကျမှုဖြစ်ပွားခဲ့သည်။
ထိုသို့ တာကိုယ်ထည်တိုက်စား ခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန် အတွက် တာကိုယ်ထည် တိုက်စားမှု ဖြစ်ပေါ်ခဲ့သည့်နေရာအား တာမိုင် ၁၁/၅ နှင့် ၁၁/၆ ကြား ယာယီပန်းတာ တည်ဆောက်ခြင်း၊ ဆည်မြောင်း မူရင်းတာ တာမိုင် ၁၁/၆ + ၃၀၀ မှ ၁၁/၇ + ၆၀၀ အတွင်း ခန့်မှန်းလျာထား အလျား ပေ ၇၀၀ အား သဲအိတ်များဖြင့် တာခြေ ထောက်ခြင်း၊ ဆည်မြောင်းတာ အတွင်းဘက်ခြမ်း တာမိုင် ၁၁/၆ + ၃၀၀ မှ တာမိုင် ၁၁/၇ + ၆၀၀ အထိ ပန်းတာ တည်ဆောက်ခြင်း၊ မြစ်ကမ်းထိန်း လုပ်ငန်းဖြစ်သည့် porcupine ချထားခြင်း၊ ကမ်းပြိုကာကွယ်ရေးသုံး Geotextine ခင်းခြင်း၊ Steel Cable Groyne နှစ်ချောင်း ဆောင်ရွက်ခြင်းနှင့် ရေလယ်သောင်တူးခြင်း လုပ်ငန်း များကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်
ထိုသို့ ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


