ပဲခူးမြို့၌ သုဓမ္မာနိကာယ သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ မဟာပဝါရဏာသြဝါဒါဆရာတော်ကြီးများထံမှ (၁၀၃၅) ကြိမ်မြောက် သြဝါဒခံယူ

ပဲခူး စက်တင်ဘာ ၆

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၌ သုဓမ္မာနိကာယသုဓမ္မာဂိုဏ်းလုံးဆိုင်ရာ မဟာပဝါရဏာသြဝါဒါ ဆရာတော်ကြီးများထံမှ (၁၀၃၅) ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဂိုဏ်းထောင့်ကျောင်းတိုက် မဟာသီဝလိနှစ်ထပ် သိမ်တော်ကြီး၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျုံးထောင့်ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာဇောတထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး သက်တော်ရှည် မြို့မကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာက သြဝါဒကထာကိုချီးမြှင့်သည်။

 

ယင်းနောက် ပဲခူးမြို့နယ် သုဓမ္မာဂိုဏ်းလုံးဆိုင်ရာ မဟာပဝါရဏာ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်ဆိုင် ကိုယ်စား ဦးဗိုလ်ဗိုလ်ဇော်ချစ်လှိုင်က သာသနာရေးဆိုင်ရာကိစ္စများလျှောက်ထားကာ မဟာပဝါရဏာ ဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက (၁၀၃၅) ကြိမ်မြောက် သုဓမ္မာနိကာယ သုဓမ္မာ ဂိုဏ်းလုံးဆိုင်ရာ သံဃမဟာ ပဝါရဏာပွဲတော်ကြီး၏ စာရေးတံမဲပွဲနှင့် စုပေါင်းဆွမ်းကြီး လောင်းလှူပွဲတွင် ရရှိခဲ့သော လှူဒါန်းရရှိငွေစာရင်းရှင်းတမ်းကို ဖတ်ကြားအတည်ပြုသည်။

 

ဆက်လက်၍ ပဝါရဏာပြုရာ လှေကားဆံတွင် သံဃာတော်များ ထိုင်သီတင်းသုံးနိုင်ရေးအတွက် သြဝါဒါဆရာတော်များက ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ဘဒ္ဒန္တပညာ ဇောတ ကျုံးထောင့်ဆရာတော်က နိဂုံးချုပ် သြဝါဒကထာချီးမြှင့်၍ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက လှူဒါန်းမှုအစုစုအား ရေစက်သွန်းချအမျှဝေ၍ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ် ဆိုပူဇော်ခဲ့ကြကာ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ထက်အောင်လင်း(ပြန်/ဆက်)