ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မြန်မာသံရုံး စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံ အမှာစကားပြောကြား

နေပြည်တော် စက်တင်ဘာ ၆

 

ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၌ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဟနွိုင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် မြန်မာသံရုံး၌ တွေ့ဆုံအမှာစကား ပြောကြားသည်။

 

ဦးစွာ နိုင်ငံတော်သမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ မြန်မာသံရုံး သို့ရောက်ရှိကြရာ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများက လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတသည် သံရုံးဧည့်သည်တော် မှတ်တမ်းတွင် မှတ်တမ်းတင် လက်မှတ်ရေးထိုးသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတက မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော် သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ဗီယက်နမ်နိုင်ငံနှင့် မြန်မာ နိုင်ငံတို့သည် ခေတ်အဆက်ဆက် နှစ်နိုင်ငံ နိုင်ငံ့ခေါင်းဆောင်များ အချင်းချင်းနှင့် ပြည်သူများ အဆက်ဆက် ထိန်းသိမ်းပြုစု ပျိုးထောင်ခဲ့ကြသည့် ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန် သည့်ဆက်ဆံမှု သမိုင်းကောင်းများ ရှိကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်စိတ်ချရသည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား တူညီသည့် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် သမိုင်းကြောင်းဆိုင်ရာများရှိ ကြကာ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းသည်လည်း တူညီမှုများစွာ ရှိခဲ့ကြကြောင်း၊ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ခိုင်မာသည့် ရပ်တည်ချက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူး ဆက်ဆံမှုကောင်းများရှိသည့် နိုင်ငံလည်းဖြစ်ကြောင်း၊ ဗီယက်နမ် နိုင်ငံသည် စီးပွားရေးကို အလေးထားသည့် နိုင်ငံတစ်ခုဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအနက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ထိပ်တန်းနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်မှုများကို အတုယူကြရန်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အလုပ်လုပ်ကြရန်လိုကြောင်း။

 

မြန်မာနိုင်ငံ၌ လွတ်လပ်ပြီး တရားမျှတသည့် အထွေထွေ ရွေးကောက်ပွဲမှ တစ်ဆင့်ပေါ်ပေါက် လာသည့် လွှတ်တော်နှင့် အစိုးရတို့ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းမှုရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိက ဆောင်ရွက်သည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် စိုက်ပျိုး မွေးမြူရေးကို အခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်း Agro-based Industry ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်၍ နိုင်ငံ့စီးပွား တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊  ဒေသတွင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်ရေးအတွက်လည်း မိမိတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း။

 

သံရုံး၊ စစ်သံရုံး ဝန်ထမ်းများ၊ မိသားစုများအနေဖြင့် နိုင်ငံရပ်ခြားတွင် မိမိတို့ နိုင်ငံတော်၏ တာဝန်များကို အတူတကွ လာ‌ရောက် ထမ်းဆောင်နေကြခြင်းဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဦး ဖေးမ ကူညီစောင့်ရှောက်ကြရန်နှင့် မိမိတို့၏ လုပ်ငန်း တာဝန်များကို ကျေပွန်အောင် ဝိုင်းဝန်းဆောင်ရွက် ကြရန်လိုကြောင်း၊ ထို့ပြင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး၊ နှစ်နိုင်ငံ အကျိုးတူစီးပွားရေး လုပ်ငန်းများ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းများ အခွင့်အလမ်းရရှိစေရေး သံတမန်ဆက်ဆံရေးမှ တစ်ဆင့် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း။

 

ဗီယက်နမ်နိုင်ငံ အနေဖြင့် စစ်ပွဲဒဏ်နှင့် အရေးယူ ပိတ်ဆို့ ကန့်သတ်မှုများကို ဆယ်စုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသော်လည်း နိုင်ငံချစ်စိတ်ဖြင့် အပတ်တကုတ် ကြိုးစားအားထုတ်မှုများကြောင့် တိုးတက်ပြောင်းလဲမှုများ စဉ်ဆက်မပြတ် ဖြစ်ပေါ်ခဲ့ကြသည်ကို အတုယူကြရန် လိုကြောင်း၊ အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်၍ နိုင်ငံ့အကျိုးကို တစ်ထောင့်တစ်နေရာမှ ပါဝင် ထမ်းရွက်သွားကြရန် မှာကြားလိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာ သံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအတွက် လက်ဆောင် ပစ္စည်းများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ရာ သံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် သင်တန်းသားများက လက်ခံရယူခဲ့ကြသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ရင်းရင်း နှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်