မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ မန္တလေးနို့ချက်စက်ရုံ၌  နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိ

နေပြည်တော် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူး ပေါင်း၍ မန္တလေးနို့ချက်စက်ရုံ၌ နို့နှင့်နို့ထွက်ပစ္စည်းများ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါစက်ရုံသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းသည် ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းများနှင့်တွေ့ဆုံ၍ သမဝါယမ အသင်းများအနေဖြင့် သမဝါယမစနစ်ပီပြင်စွာ ဖြစ်ပေါ်လာစေရန်၊ ခိုင်မာအားကောင်းသော စံပြ အသင်းများဖြစ်စေရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အဓိကမောင်းနှင်အားဖြစ်စေရန်၊ ကိုယ့်အား ကိုယ်ကိုးပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် Royal Ruby Flower တန် ၁၅ဝ ကျဆန်စက် လည်ပတ်ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ကုန်ကြမ်းရရှိရေး စုပေါင်းစိုက်ပျိုးဆောင်ရွက်သည့် သမဝါယမ အသင်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ အမရပူရမြို့နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်း နှင့် သက်မွေးပညာသိပ္ပံသို့ရောက်ရှိပြီး စက်ရက်ကန်း၊ လက်ရက်ကန်း၊ ရွှေချည်ထိုး ငွေချည်ထိုး သင်တန်း လက်တွေ့သင်ကြားနေမှုများကို ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့ပြင် ပုသိမ်ကြီးမြို့နယ် သမဝါယမကောလိပ် (မန္တလေး)သို့ရောက်ရှိပြီး ကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သင်ကြားရေးပိုင်းတွင် ဆရာ ဆရာမအင်အားလိုအပ်မှု ဖြည့်တင်းခန့်ထားရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများကလည်း စွမ်းရည်ရှိပြီး ကောလိပ်၏ မျှော်မှန်းချက်အတိုင်း ကျောင်းသား ကျောင်းသူများကို အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးရန်လိုအပ်ကြောင်း၊ အလုပ်အကိုင် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးရန် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကောလိပ်ဝင်းအတွင်းရှိ စာသင်ဆောင်များ၊ စာကြည့်တိုက်၊ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်