ရန်ကုန် စက်တင်ဘာ ၄
ဂျပန်နိုင်ငံ၌ကျင်းပမည့် အကြိမ်(၂၀)မြောက် အာရှအားကစား ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမ ကစားသမားအစုံအလင်ဖြင့် လေ့ကျင့်နေပြီး အပြီးသတ်လူစာရင်းကို လာမည့်ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်သည်။
အာရှအားကစားပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်သစ် အင်္ဂလန်နိုင်ငံသား ကောလင်းဘဲလ်အတွက် ပထမဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး အာရှထိပ်သီးအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေသဖြင့် ၎င်းအနေဖြင့် စိန်ခေါ်မှုများနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်သည်။ အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲကိုစက်တင်ဘာ ၁၄ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် မြောက်ကိုရီးယား၊ တောင်ကိုရီးယား ဘင်္ဂလားဒေ့ရှ် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေသည်။ မြန်မာအသင်းသည် မြောက်ကိုရီးယား၊ တောင်ကိုရီးယားစသည့် အင်အားကြီးနှစ်သင်းနှင့် ဆက်တိုက်ကစားရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်အသင်းနှင့် နောက်ဆုံးပွဲမှာ အကောင်းဆုံးအုပ်စုတတိယနေရာအတွက် အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအသင်းသည် ကိုရီးယားနှစ်သင်းနှင့်ပွဲများတွင် ဂိုးမပြတ်စေရန် အဓိကရည်ရွယ်ကစားရမည်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် အသင်းကို မဖြစ်မနေအနိုင်ကစားရမည်ဖြစ်သည်။ အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် အုပ်စုသုံးခုပါဝင်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရ သုံးသင်းအနက် အကောင်းဆုံးနှစ်သင်း စုစုပေါင်း ရှစ်သင်း ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ပဏာမကစားသမား ၃၃ ဦး ရွေးချယ်ကာ သြဂုတ် ၁၇ ရက်မှစ၍ စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်သည်။ သို့သော် အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့ သည့် ဧရာဝတီအသင်းမှ ကစားသမားများ၊ ယင်းအသင်းတွင်း အငှားသွားရောက်သည့် ကစားသမားများမှာ နောက်ကျမှအသင်းနှင့် စတင်ပူးပေါင်းနိုင်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ပဏာမကစားသမားများအဖြစ် ဂိုးသမား-မျိုးမြမြငြိမ်း (သစ္စာအားမာန်)၊ အိစန္ဒာဇော် (ဧရာဝတီ)၊ ဇူးလတ်နဒီ၊ ထက်အိန္ဒြာလင်း (အား/ကာသိပ္ပံ)၊ လှလှထွေး (ရတနာပုံ)၊ နောက်တန်း-မေသက်မွန်မြင့် (သစ္စာအားမာန်)၊ လင်းလဲ့ဦး၊ သန်းသန်းနွယ် (အား/ကာသိပ္ပံ)၊ ယုယုနိုင်၊ နန်းစနေမ (ရန်ကုန်ယူနိုက်တက်)၊ ဇွန်သဲဦး၊ ခင်မျိုးသန္တာထွန်း (ရှမ်းယူနိုက်တက်)၊ နှင်းပွင့်အေး (ကလပ်အသင်းမရှိ)၊ ဖြူဖြူဝင်း၊ ဇွန်ယုယဦး၊ ခင်မိုးဝင်း (ဧရာဝတီ)၊ အလယ်တန်း-ဝင်းဝင်း၊ ယွန်းဝတီ၊ ဇင်မာထွေး (သစ္စာအားမာန်)၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်(အား/ကာသိပ္ပံ)၊ ဒေစီအောင် (ရန်ကုန်ယူနိုက်တက်)၊ နန်းဖြူဖြူသွယ် (ရှမ်းယူနိုက်တက်)၊ နော်ထက်ထက်ဝေ၊ နန်းခိုင်ဇင်မြင့် (ဧရာဝတီ)၊ ရှေ့တန်း-မြတ်နိုးခင် (သစ္စာအားမာန်)၊ ရွှေရည်ထွန်း (အား/ကာသိပ္ပံ)၊ စုစုကြည်၊ ဇင်မိုးပြည့် (ရန်ကုန်ယူနိုက်တက်)၊ ဝင်းသိင်္ဂီထွန်း (ရတနာပုံ)၊ ရူပါခိုင် (ရှမ်းယူနိုက် တက်)၊ စန်းသော်သော်၊ မေထက်လူ(ဧရာဝတီ)တို့ ပါဝင်ကြသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


