M-League ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ပြီး ရန်ကုန်စီးတီးနှင့် ရတနာပုံအသင်း သရေကျ

ရန်ကုန် စက်တင်ဘာ ၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာလိဂ်က ကြီးမှူး၍ Grand Royal ၊ AYA Bank နှင့် AYA Pay တို့၏ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ Grand Royal M-League ပြိုင်ပွဲ ပွဲစဉ်(၂) ဒုတိယနေ့ကို စက်တင်ဘာ ၄ ရက်က ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း နိုင်ပွဲဆက်ပြီး ရန်ကုန်စီးတီးအသင်းနှင့် ရတနာပုံအသင်းတို့ သရေကျခဲ့သည်။

ရာသီကြိုပြင်ဆင်မှုများစွာပြုလုပ်ပြီး နည်းပြသစ်၊ ကစားသမားသစ်များစွာဖြင့် ပြန်လည်တည်ဆောက်ထားသည့်နှစ်သင်း တွေ့ဆုံခြင်းဖြစ်ပြီး သရေရလဒ်ဖြင့် အဆုံးသတ်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းသည် ရာသီအစ နှစ်ပွဲဆက် သရေကျခဲ့ပြီး ရတနာပုံအသင်းမှာမူ နှစ်ပွဲတွင် လေးမှတ်အထိ ရယူထားနိုင်သည်။

ရန်ကုန်စီးတီးအသင်းသည် နိုင်ငံခြားသား ကစားသမားလေးဦးနှင့်အတူ မြတ်ကောင်းခန့်၊ ဝင်းနိုင် ထွန်း၊ ရန်နိုင်ဦး၊ ခွန်ကျော်ဇင်ဟိန်းတို့ဖြင့် ပွဲထွက်လာပြီး ရတနာပုံအသင်းမှာလည်း နိုင်ငံခြားသားကစား သမားလေးဦးနှင့်အတူ ဆွမ်လမန်၊ သူရိန်ထွန်း၊ သက်ပိုင်ထွေး၊ မိုးဆွေတို့ဖြင့် လူစုံခဲ့သည်။ နှစ်သင်းစလုံး အပြန်အလှန်  တိုက်စစ်ဆင်ကစားနိုင်သော်လည်း ပထမပိုင်းတွင် ရတနာပုံအသင်းက ဂိုးရနိုင်သည့် အပိုင်အခွင့်အရေးပိုရသော်လည်း တိုက်စစ်မှူး နေတို အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။ ဒုတိယပိုင်းတွင် ရန်ကုန်စီးတီးအသင်းက ပိုဖိကစားနိုင်သော် လည်း ဂိုးမရသလို သူရိန်ထွန်း၏ အဝေးကန်ချက် ဘားထိထွက်ခဲ့သဖြင့် ရတနာပုံအသင်း နစ်နာပြီး ဂိုးမရှိသရေကျခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်စီးတီး နောက်ခံလူ ဇွဲခန့်မင်းက ရရှိပြီး အမှတ်တရဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်း ရရှိသည်။

သန်လျင်  Sunset Field, Star City Sport Club ၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်းက Chinland အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် တန်းတက်  Chinland အသင်းကို အနိုင်ယူကာ နိုင်ပွဲဆက်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်း အတွက် ဂိုးများကို ၉၊ ၅၅ မိနစ်တွင် သန်းပိုင်၊ ၃၂ မိနစ်တွင် သီယာဂို၊ ၆၅ မိနစ်တွင် မောင်မောင်လွင်နှင့် ၇၅ မိနစ်တွင်   အယ်လ်ဘတ်တို့က   သွင်းယူ ပြီး   Chinland အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၁၆ မိနစ်တွင် ဖိလစ်က သွင်းယူသည်။  ယခုပွဲအတွက် AYA Pay Player of the Match ဆုကို ရန်ကုန်ယူနိုက် တက်အသင်းမှ မောင်မောင်လွင်က ရရှိပြီး အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်း ရရှိသည်။

ပွဲစဉ်(၂) ဒုတိယနေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး  သန်လျင်မြို့ Sunset Field, Star City Sport Club ၌ မြဝတီအသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ သန်လျင်သီဟဒီပကွင်း၌ သစ္စာအားမာန်အသင်းနှင့် ဟံသာဝတီယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ML