ဝါရှင်တန် စက်တင်ဘာ ၄
နယူးယောက်မြို့ အာဏာပိုင်များက အများပြည်သူဆိုင်ရာ မူလတန်းနှင့် အလယ်တန်း စာသင်ကျောင်းများရှိ ကျောင်းသားအများစုအား အကြောင်းအရာအသစ်များ ဖန်တီးပေးနိုင်သော ဉာဏ်ရည်တုနည်းပညာပါဝင်သည့်ဆော့ဖ်ဝဲအားလုံးကို အသုံးပြုခြင်းမှ ယာယီပိတ်ပင်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါမူဝါဒသည် အသက်(၂) နှစ်အရွယ် ကလေးငယ်များမှစ၍ အဋ္ဌမတန်း ကျောင်းသားများအထိ အကျုံးဝင်မည်ဖြစ်ကြောင်း မြို့တော်ဝန် ဇိုရန်မမ်ဒါနီက ယမန်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောကြားခဲ့သည်။
တစ်နှစ်ကြာ သက်တမ်းရှိမည့် အဆိုပါ ပိတ်ပင်တားဆီးမှုကို လာမည့်ပညာသင်နှစ်မှ စတင် ကျင့်သုံးမည်ဖြစ်ပြီး၊ အဆိုပါ အစီအမံ၏ သက်ရောက်မှုများကို ပြန်လည်သုံးသပ်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
အသုံးပြုမည့် ကိရိယာများ အားလုံးသည် မြို့တော်၏ ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းများနှင့် ကိုက်ညီပါက ဆရာ ဆရာမများအနေဖြင့် သင်ခန်းစာရေးဆွဲခြင်းနှင့် စာသင်ခြင်းဆိုင်ရာ လုပ်ငန်း တာဝန်များအတွက် ဉာဏ်ရည်တု နည်းပညာကို ဆက်လက်အသုံးပြုနိုင်ကြောင်း မြို့တော်အာဏာပိုင်များက ပြောကြားသည်။
သို့သော် ကွန်ပျူတာသိပ္ပံကဲ့သို့သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြင်ဆင်မှုအစီအစဉ်များတွင် ပါဝင်နေသည့် ကျောင်းသားများအတွက် ၎င်းမူဝါဒမှ ကင်းလွတ်ခွင့်ပြုထားကြောင်း ဖြည့်စွက်ပြောကြားသည်။
ထို့ပြင် ကလေးငယ်များအတွက် နေ့စဉ်သင်ထောက်ကူပစ္စည်းများဖြစ်သည့် ဖုန်း၊ တက်ဘလက် စသည့်တို့ ကြည့်ရှုချိန်ကန့်သတ်ချက်များကိုလည်း မြို့တော်အာဏာပိုင်များက အကြံပြုထားပြီး တတိယတန်းမှ ပဉ္စမတန်းအထိ ကျောင်းသားများအတွက် မိနစ် ၃၀ နှင့် ဆဋ္ဌမတန်းမှ အဋ္ဌမ တန်းအထိ ကျောင်းသားများ အတွက် ၄၅ မိနစ်ခန့်သာ ကြည့်ရှုအသုံးပြုရန် သတ်မှတ်ထားသည်။
ကလေးများအနေဖြင့် သင်ယူလေ့လာရန်နှင့် ရှင်သန်ကြီးထွားဖွံ့ဖြိုးရန်အတွက် ဆရာ ဆရာမ များနှင့် ထိတွေ့ဆက်ဆံမှုများ လိုအပ်ကြောင်း မြို့တော်ဝန် ဇိုရန် မမ်ဒါနီက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


