ခတ္တမန္တူ စက်တင်ဘာ ၄
တရုတ်နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် နီပေါနိုင်ငံ၏ နယ်စပ်ဒေသတွင် ဩဂုတ် ၂၆ ရက်က အင်အားပြင်း ရုတ်တရက်ရေကြီးမှုများဖြစ်ပွားခဲ့ပြီး ကိုးရက်အကြာတွင် ရေအားလျှပ်စစ်စီမံကိန်း ဥမင်လိုဏ်ခေါင်းအတွင်း ပိတ်မိနေသည့် အလုပ်သမားနှစ်ဦးအား ကယ်ဆယ်နိုင်သည်။
အဆိုပါ အလုပ်သမားနှစ်ဦးကို Upper Trishuli-3A ရေအားလျှပ်စစ်စီမံကိန်း၏ ဥမင်လိုဏ် ခေါင်းအတွင်းမှ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း နီပေါနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေး အာဏာပိုင်များက ယနေ့ ပြောကြားသည်။
အလုပ်သမားတစ်ဦးအား မြို့တော်ခတ္တမန္တူရှိ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ အခြား အလုပ်သမားတစ်ဦး၏ ကျန်းမာရေးအခြေအနေကို လတ်တလော မသိရသေးပေ။
ဥမင်လိုဏ်ခေါင်းအတွင်း လူ ၃၀ ခန့် ဆက်လက် ပိတ်မိနေဆဲဖြစ်ပြီး ၎င်းတို့အနက် နောက်ထပ် နှစ်ဦး သို့မဟုတ် သုံးဦးခန့် အသက်ရှင်ကျန်ရစ်နေဖွယ်ရှိကြောင်း နီပေါအစိုးရ သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။
တောင်တန်းများ ထူထပ်မတ်စောက်သည့် ဒေသတစ်လျှောက် တည်ဆောက်ထားသော ရေအား လျှပ်စစ်စက်ရုံများနှင့် ဆက်စပ်သည့်ကုန်စည်ပို့ဆောင်ရေး ဥမင်လိုဏ်ခေါင်းများနှင့် အခြားအဆောက်အအုံ များအတွင်း လူရာနှင့်ချီ ပိတ်မိနေသည်ဟု ယူဆရသည်။
လက်ရှိတွင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
နီပေါအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁၂၈၇ ဦး ကို အတည်ပြုထားပြီး လူပေါင်း ၅၀၀၀ ကျော်မှာ ယခုအချိန်အထိ ပျောက်ဆုံးနေဆဲဖြစ်သည်။ ပျောက်ဆုံးနေသူများတွင် ဂျပန်နိုင်ငံသား ငါးဦးလည်း ပါဝင်သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


