ဒေါက်တာအောင်ညွန့်ပိုင်
လူသားတိုင်း၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်နှင့် ပျော်ရွှင်သောမိသားစုဘဝကို တည်ဆောက်ရန်အတွက် “ကျန်းမာရေး”သည် အဓိကသော့ချက်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြစ်သော “သန့် (၅) သန့်”ဟုခေါ်သည့် လက်၊ အစားအစာ၊ ရေ၊ အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးတို့သည် မိမိတို့ဒေသအတွင်းတွင် အမြဲတစေခြိမ်းခြောက်နေသည့် သွေးလွန်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှော၊ တုပ်ကွေး စသည့် ရောဂါများရန်မှ ကာကွယ်ပေးနိုင်သည့် အခြေခံအကျဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းများဖြစ်ကြသည်။
သန့်ရှင်းသောလက်ဖြင့် အသက်ရှူလမ်းကြောင်းနှင့် အစာအိမ်ရောဂါများကို ကာကွယ်ခြင်း
လက်သည် နေ့စဉ်လူမှုဘဝတွင် အရာဝတ္ထုမျိုးစုံနှင့် အမြဲထိတွေ့နေရသဖြင့် ပိုးမွှားများကပ်ငြိရန် အလွယ်ကူဆုံး အစိတ်အပိုင်းဖြစ်သည်။ လက်ကိုစနစ်တကျဆေးကြောခြင်းဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများသာမက လက်မှတစ်ဆင့် နှာခေါင်း၊ ပါးစပ်တို့အတွင်းသို့ ဝင်ရောက် တတ်သော တုပ်ကွေးနှင့် ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးများကို တိုက်ရိုက်ကာကွယ်နိုင်သည်။
လက်ဆေးရမည့်အချိန်များ
အစားအစာ မကိုင်တွယ်မီ၊ မချက်ပြုတ်မီနှင့် အစားအစာ မစားသုံးမီ။ အိမ်သာတက်ပြီးတိုင်းနှင့် ကလေးမစင်ကို ကိုင်တွယ်သန့်စင် ပြီးချိန်။ နှာချေ၊ ချောင်းဆိုး သို့မဟုတ် နှာညှစ်ပြီးတိုင်း။ လူအများ ကိုင်တွယ်သောအရာဝတ္ထုများ (ဥပမာ- တံခါးလက်ကိုင်၊ ငွေစက္ကူ၊ ဘတ်စ်ကားလက်တန်း) ကို ထိတွေ့ပြီးချိန်။ အမှိုက် သို့မဟုတ် တိရစ္ဆာန်များကို ကိုင်တွယ်ပြီးချိန်တို့ဖြစ်သည်။
စနစ်တကျလက်ဆေးနည်း (အနည်းဆုံး စက္ကန့် ၂၀)
လက်ကို ရေနှင့်ဆပ်ပြာသုံး၍ လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်မ၊ လက်သည်းများနှင့် လက်ကောက်ဝတ်တို့ကို အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် ပွတ်တိုက်ဆေးကြောရမည်ဖြစ်သည်။ ရေမရှိသောနေရာများတွင် အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းကျော် ပါဝင်သော လက်သန့်ဆေးရည် (Hand Gel) ကို အသုံးပြုပါ။
ဘေးကင်းစိတ်ချရသော အစားအသောက်သန့်ရှင်းရေးနှင့် ဝမ်းပျက်ဝမ်းလျှောတားဆီးရေး
မသန့်ရှင်းသော အစားအစာများနှင့် လမ်းဘေးယင်နားစာများသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (ကာလဝမ်းရောဂါ)နှင့် အစာအဆိပ်သင့်ခြင်းကို လျင်မြန်စွာဖြစ်ပွားစေနိုင်သည်။
အစားအစာသန့်ရှင်းရေး လမ်းညွှန်ချက်များ
ဟင်းသီးဟင်းရွက်၊ သားငါးများကို လတ်ဆတ်စွာ ရွေးချယ်ဝယ်ယူပြီး မချက်ပြုတ်မီ ရေစင်အောင်ဆေးကြောပါ။ အစားအစာများကို ယင်ကောင်မနားစေရန် ဆန်ခါ၊ အဖုံးများဖြင့် လုံခြုံစွာဖုံးအုပ်ထားပါ။
အသား၊ ငါးနှင့် ဥအမျိုးမျိုးကို အပူချိန်ပြည့်ဝစွာဖြင့် ကျက်အောင် ချက်ပြုတ်ပါ။ လမ်းဘေးယင်နားစာများနှင့် အအေးစာများကို လုံးဝရှောင်ကြဉ်ပါ။ ကျန်ရှိသော ဟင်းလျာများကို စနစ်တကျ ဖုံးအုပ် သိုလှောင်ပြီး ပြန်လည်စားသုံးပါက အပူပြန်ပေးပြီးမှစားပါ။ မိသားစုတိုင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ဓာတ်ဆားထုပ် (ORS) များကို အမြဲဆောင်ထားပါ။ ဝမ်းသွားပါက ရေဓာတ်ခန်းခြောက်မှု မရှိစေရန် ဓာတ်ဆားရည်ကို ချက်ချင်းဖျော်စပ်တိုက်ကျွေးပါ။
သောက်ရေနှင့်သုံးရေ သန့်ရှင်းစင်ကြယ်ရေး
သန့်ရှင်းသောရေကို မရရှိခြင်း သို့မဟုတ် သောက်ရေသုံးရေကန်များအတွင်း ရောဂါပိုးမွှားများကူးစက်ခြင်းသည် ဝမ်းရောဂါ၊ ကာလဝမ်းရောဂါနှင့် တိုက်ဖွိုက် (အူရောင်ငန်းဖျား) ရောဂါများကို ကပ်ရောဂါအသွင် ပြန့်ပွားစေနိုင်သည်။
ရေစင်ရေသန့်ရရှိရေး နည်းလမ်းများ
သောက်ရေကို ပွက်ပွက်ဆူအောင် အနည်းဆုံး ငါးမိနစ်ခန့် ကျိုချက်ပြီးမှ သောက်သုံးပါ။
FDA အသိအမှတ်ပြု ရေသန့်စင်စက် သို့မဟုတ် ရေစစ်ကန်များကို အသုံးပြုပါ။ အရေးပေါ်အခြေအနေများနှင့် ရေဘေးသင့်ချိန်များတွင် ရေတွင်းရေကန်များကို ကလိုရင်း (Chlorine) ဆေးပြားခတ်၍ သန့်စင်ပါ။ လိုအပ်ပါက Life Straw (ရေသန့်စင်စစ်တံ)ကို အသုံးပြုနိုင်သည်။
ရေလှောင်ကန်၊ ရေအိုးများကို အဖုံးလုံခြုံစွာဖုံးအုပ်ထားပြီး ပုံမှန်ဆေးကြောပါ။ ရေခပ်ရာတွင် သန့်ရှင်းသော ကိရိယာများကိုသာ အသုံးပြုပါ။
စနစ်ကျသော အိမ်သာသန့်ရှင်းရေးနှင့် မစင်စွန့်ခြင်း
မစင်စွန့်ခြင်းကို စနစ်တကျ မလုပ်ဆောင်ပါက မစင်ထဲမှပိုးမွှားများသည် ယင်ကောင်များ၊ ဖိနပ်မပါဘဲ လမ်းလျှောက်ခြင်းများမှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး သန်ကောင်ရောဂါနှင့် ဝမ်းရောဂါများကို ဖြစ်စေသည်။
အိမ်သာစနစ် လမ်းညွှန်ချက်များ
မိသားစုတိုင်း ယင်လုံအတားအဆီးပါသော စနစ်ကျသည့်အိမ်သာကို ဆောက်လုပ်သုံးစွဲရမည်ဖြစ်သည်။ ကွင်းပြင်၌ မစင်စွန့်ခြင်း အလေ့အကျင့်ကို လုံးဝပယ်ဖျက်ရမည်ဖြစ်သည်။ အိမ်သာခွက်နှင့် ကြမ်းပြင်ကို နေ့စဉ်သန့်ရှင်းရေးလုပ်ပါ။ ကလေးမစင်များ အပါအဝင် မစင်အားလုံးကို အိမ်သာထဲသို့သာ စနစ်တကျစွန့်ပစ်ပါ။ အိမ်သာ တက်ပြီးတိုင်း ရေလောင်းပါ၊ လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ချက်ချင်းဆေးပါ။ အိမ်သာကျင်းပြည့်ပါက စနစ်တကျ မြေဖို့ခြင်း သို့မဟုတ် စုပ်ထုတ်ခြင်းပြုလုပ်ပါ။
ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သွေးလွန်တုပ်ကွေး၊ တုပ်ကွေး၊ ကိုဗစ်-၁၉ ကာကွယ်ရေး
မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် နေအိမ်များ ညစ်ပတ်ပြီး လေဝင်လေထွက်မကောင်းပါက ခြင်ကျားများပေါက်ပွားပြီး သွေးလွန်တုပ်ကွေးဖြစ်ပွားနိုင်သကဲ့သို့ တုပ်ကွေးဗိုင်းရပ်စ်ပိုးများ အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သည်။
ကာကွယ်ရေးလုပ်ဆောင်ချက်များ
သွေးလွန်တုပ်ကွေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်)။ ။ ရေအိုး ရေကန်များကို ခြင်မဝင်စေရန်ဖုံးပါ။ ဘုရားပန်းအိုးနှင့် ရေခွက်များကို တစ်ပတ်တစ်ကြိမ် ရေသွန်ပါ။ ရေအိုးအတွင်းနံရံရှိ ခြင်ဥများကို ပွတ်တိုက်လဲလှယ်ဆေးကြောပါ။ ပိုးလောက်လမ်းရှိ၊ မရှိ စစ်ဆေးပြီး အဘိတ် (Abate) ဆေးခတ်ပါ။
တုပ်ကွေးနှင့် ကိုဗစ်-၁၉ အတွက် (လေဝင်လေထွက်နှင့် တစ်ကိုယ်ရေကာကွယ်မှု)။ ။ နေအိမ်များကို အလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်စေရန် ပြတင်းပေါက်များ ဖွင့်ထားပါ။ လူဦးရေထူထပ်သောနေရာများသို့ သွားလာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျတပ်ဆင်ပါ။ ချောင်းဆိုး၊ နှာချေလျှင် တံတောင်ဆစ် သို့မဟုတ် တစ်ရှူးဖြင့် လုံခြုံစွာဖုံးအုပ်ပါ။
အမှိုက်စွန့်ပစ်ခြင်း။ ။ အမှိုက်များကို စနစ်တကျ စည်းကမ်းရှိစွာ စွန့်ပစ်ပါ။ ခြင်ကျားများ မပေါက်ပွားနိုင်စေရန် ရေတင်ကျန်နိုင်သော ဘူး၊ ခွက်၊ တာယာအဟောင်းများကို ရှင်းလင်းပါ။
“သန့် (၅) သန့်” လမ်းညွှန်ချက်များကို လိုက်နာခြင်းသည် မိမိတို့ဒေသအတွင်း ဖြစ်ပွားတတ်သော ကူးစက်ရောဂါအမျိုးမျိုးကို တားဆီးနိုင်သည့် အကောင်းဆုံးသော ကျန်းမာရေးအာမခံချက် ဖြစ်သည်။
အကယ်၍ မိသားစုဝင်တစ်ဦးဦးတွင် အပြင်းအထန်ဖျားခြင်း၊ ကော်ဖီရောင် သို့မဟုတ် သွေးအန်ခြင်း၊ အရေပြားတွင် အနီစက်များ ထွက်လာခြင်း (သွေးလွန်တုပ်ကွေးသံသယ)၊ ဆန်ဆေးရည်ကဲ့သို့ ဝမ်းများ အဆက်မပြတ်သွားခြင်း (ပြင်းထန်ဝမ်းရောဂါသံသယ) သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ မောပန်းခြင်းနှင့် အောက်ဆီဂျင်ကျခြင်း (တုပ်ကွေး/ ကိုဗစ်-၁၉ ပြင်းထန်လက္ခဏာ)များ ပြသလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ကျန်းမာရေးဌာနသို့ ချက်ချင်းသွားရောက်ပြသ ကုသမှုခံယူရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက် ရပါတော့သည်။ ။


