နေပြည်တော် စက်တင်ဘာ ၃
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ “ကိုကိုနှင့်ညီညီ’’ လျှပ်စစ်ပစ္စည်းဆိုင်အား သေနတ်ပြခြိမ်းခြောက်၍ လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက် နံနက် ၄ နာရီက မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မရမ်းကုန်းရပ်ကွက်ရှိ “ကိုကိုနှင့်ညီညီ” လျှပ်စစ်ပစ္စည်းဆိုင်တွင် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား သုံးဦးက သေနတ်ပြခြိမ်းခြောက်၍ ဆိုင်ဝန်ထမ်းအမျိုးသမီး သုံးဦးအား တိပ်အဝါဖြင့် လက်နောက်ပြန်ချည်နှောင်ကာ နေအိမ်ဆိုင်အတွင်းရှိ မီးခံသေတ္တာနှင့် ဘီရိုအတွင်းမှ စာရွက်စာတမ်းများ၊ ရွှေထည်/ စိန်ထည်ပစ္စည်းမျိုးစုံ၊ ငွေကျပ်သိန်း ၅၀ စုစုပေါင်းတန်ဖိုး ငွေကျပ်သိန်း ၅၀၈၅၀ ကျပ်ခန့်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းအရ စစ်ကဲကုန်းနယ်မြေရဲစခန်း (ပ) ၁၁၀/ ၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၂/ ၁၁၄ ဖြင့် အမှုရေးဖွင့်ပြီး ပြစ်မှုကျူးလွန်သူ တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အခင်းဖြစ်ရပ်မှတ်တမ်းများရယူခြင်း၊ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူတရားခံ မော်လမြိုင်မြို့နယ် ဇေယျာမြိုင်ရပ်ကွက်နေ စန်းအေး (၅၃) နှစ်အား ဩဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌ လုယက်မှုကျူးလွန်ရာမှရရှိသည့် ရွှေထည်ပစ္စည်း ခုနစ်မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ စန်းအေး၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်ကြသည့် မော်လမြိုင်မြို့နယ် ကျွဲခြံကုန်းရပ်ကွက်နေ တရားခံ ထွန်းချေ (ခ)ရ ခိုင် (၆၉) နှစ်အား ဩဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏နေအိမ်၌ လည်းကောင်း၊ ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာနေ တရားခံ ကျော်တင့် (ခ) စောဖိုးကျော် (၃၄) နှစ်အား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ၎င်း၏နေအိမ်၌ လည်းကောင်း၊ စက်တင်ဘာ ၂ ရက် မွန်းလွဲပိုင်းတွင် ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာနေ မင်းထက်သာ (၂၅) နှစ်၊ ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ကျုံမရေးကျေးရွာနေ မင်းကိုကို (၂၆) နှစ်နှင့် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ ဗုဒ္ဓရပ်ကွက်နေ စောတင်ရဲအောင် (ခ) ကရင် (ခ) ကတုံး (၃၈) နှစ်တို့ သုံးဦးအား ကျိုက်မရောမြို့နယ် ကြခတ်ကုန်းကျေးရွာရှိ မင်းထက်သာ၏ နေအိမ်၌ လုယက်မှုကျူးလွန်ရာမှ ရရှိသည့် မီးခံသေတ္တာနှင့် ရွှေထည်/ စိန်ထည်/ ပုလဲပစ္စည်းမျိုးစုံ ၁၂ မျိုးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ခြောက်ဦးကို ရွှေထည်ပစ္စည်းမျိုးစုံ ၁၉ မျိုးနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများ ဆက်လက်သိမ်းဆည်းနိုင်ရေးနှင့် ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


