ဂျကာတာ စက်တင်ဘာ ၂
အင်ဒိုနီးရှားနိုင်ငံ ဆီနာဘန်း မီးတောင်လှုပ်ရှား မှုများပြင်းထန်လာသဖြင့် ဆူမားတြားပြည်နယ်မြောက်ပိုင်း ကူတာတန်ဂါကျေးရွာရှိ ဒေသခံ ၆၁၅ ဦးကို ဘေးလွတ်ရာ ခိုလှုံရာနေရာများသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက စက်တင်ဘာ ၂ ရက်တွင် ပြောသည်။
ယခုသီတင်းပတ်အစောပိုင်းက မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှုတစ်ရပ်အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ပူးပေါင်းအသင်းများက လုပ်ဆောင်ခဲ့ကြသည်ဟု အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဘာတွန် ပန်ဂျိုင်တန်က ပြောသည်။
မီးတောင်လှုပ်ရှားမှုများပြင်းထန်လာပြီးနောက် ဆီနာဘန်းမီးတောင်နှင့်ပတ်သက်၍ သတိပေးမှုအဆင့်ကို အဆင့်နှစ်မှ အဆင့်သုံးသို့ မြှင့်တင်လိုက်ကြောင်း အာဏာပိုင်များက ပြောသည်။ အဆိုပါမီးတောင်သည် မီးတောင် ထိပ်ဝ မီတာ ၃၅၀၀ အထိ ပြာပူများလွှင့်ထုတ်ခဲ့သည်။ ထို့နောက် ချက်ချင်းဆိုသလို အာဏာပိုင်များက ကန့်သတ်နယ်မြေကို တိုးချဲ့ခဲ့သည်။ မီးတောင်ထိပ်ဝမှ အချင်းဝက် သုံးကီလိုမီတာအတွင်း ဧရိယာများနှင့် ကျေးရွာများသို့ ဒေသခံများနှင့် ခရီးသွားများဝင်ရောက်ခြင်းကို တားမြစ်ထားသည်။
ဆင်ဟွာ


