ပုသိမ် စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး ရေကြီးနစ်မြုပ်မှုများမှ ကွင်းအလိုက် ရေပြန်ပေါ်သည့် ဧရိယာ၊ ဧက၊ တောင်သူတစ်ဦးချင်း၏ ပျက်စီးခဲ့သည့် စိုက်ဧက၊ ပြန်လည်စိုက်ပျိုးမည့် သီးနှံ၊ မျိုးစေ့နှင့် သွင်းအားစု လိုအပ်ချက်၊ ထွန်ယက်စိုက်ပျိုးမည့် အခြေအနေ၊ စိုက်ပျိုးရေ ရရှိမှုအခြေအနေနှင့်ပတ်သက်သည့် စာရင်းဇယားများ၊ ကိန်းဂဏန်းအချက်အလက်များကို ကွင်းအလိုက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် အဖွဲ့များစုဖွဲ့၍ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ကွင်းဆင်းကောက်ယူကြရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့မွန်းလွဲပိုင်းတွင် ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မှာကြားသည်။
အဆိုပါတွေ့ဆုံပွဲတွင် လေးမျက်နှာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ရေကြီးနစ်မြုပ်စိုက်ဧကများ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့၊ သွင်းအားစုများ နှင့် စက်သုံးဆီများ ပံ့ပိုးပေးနိုင်ရေးကိစ္စရပ်များ၊ ရေကြီးနစ်မြုပ် စိုက်ဧကများအား စာရင်းများ ကောက်ယူဆောင်ရွက်နေမှု၊ မျိုးစေ့များရရှိရေး ဆောင်ရွက်ထားရှိမှုနှင့် ပြန်လည်စိုက်ပျိုးဆောင်ရွက် သွားမည့် အခြေအနေ၊ စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိမှု၊ စိုက်ပျိုးရေရရှိရေးအတွက် ရေတင်စက်များ၊ ဆိုလာရေတင်စနစ်တို့ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်သွားမည့် အစီအမံများ ဆွေးနွေးတင်ပြမှုအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယနေ့နံနက်ပိုင်းကလည်း ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် ရုံးဝန်ထမ်းမိသားစုများကိုယ်စား တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း၊ မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းနှင့် သစ်လုပ်ငန်းရှင်များအသင်းနှင့် ရွှေမိုးကုမ္ပဏီလီမိတက်တို့ကလည်းကောင်း အလှူငွေများ လာရောက်လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


