ဗြိတိန်ဝန်ကြီးချုပ်ဟောင်း  ကီယာ စတားမာက လွှတ်တော်အမတ်နေရာမှ နုတ်ထွက်မည်

လန်ဒန် စက်တင်ဘာ ၂

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ကီယာ စတားမာက ၎င်း၏ လွှတ်တော်အမတ်နေရာမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း ယမန်နေ့က ကြေညာခဲ့သည်။

၎င်း၏ရာထူးတာဝန်ကို ဆက်ခံမည့်သူထံ လွှဲပြောင်းပေးအပ်ရန်အတွက် ယခုအချိန်သည် သင့်လျော်သောအချိန် ဖြစ်ကြောင်း စတားမာက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားဖော်ပြခဲ့ သည်။

လွှတ်တော်အမတ်အဖြစ် နုတ်ထွက်ပြီးနောက် ကာကွယ်ရေး၊ လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် နည်းပညာတို့ အပါအဝင် နိုင်ငံတကာရေးရာကိစ္စရပ်များကို ဆက်လက်အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် ကျူးလွန်သည့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။

စတားမာက ၂၀၂၀ ပြည့်နှစ်တွင် အလုပ်သမားပါတီ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အစိုးရအပြောင်းအလဲဖြစ်ပေါ်စေခဲ့သည့် ၂၀၂၄ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်ရာထူးကို ရယူ ခဲ့သည်။

သို့သော်  ဘဏ္ဍာရေးဆိုင်ရာ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် ရည်ရွယ်သည့် အခွန်တိုးမြှင့်မှုများကြောင့် ပြည်သူ့ထောက်ခံမှု ကျဆင်းခဲ့ရသည်။ မေလတွင် ကျင်းပခဲ့သော ဒေသန္တရရွေးကောက်ပွဲ၌ အလုပ်သမားပါတီသည် ကြီးမား သောဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရပြီး စတားမာက ဇူလိုင်လတွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။

လန်ဒန်မြို့ရှိ ၎င်း၏ မဲဆန္ဒနယ်တွင် လစ်လပ်သွားသော လွှတ်တော်အမတ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်