မန္တလေး စက်တင်ဘာ ၂
မိတ္ထီလာစီးပွားရေးတက္ကသိုလ် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၀၁-၂၀၀၂ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အထိ နေ့သင်တန်း ကျောင်းသား ကျောင်းသူ ၁၀၉၅၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ကြောင်းနှင့် ဘောဂဗေဒ၊ ဝါဏိဇ္ဇဗေဒ၊ စာရင်းအင်းပညာ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ၊ စွန့်ဦးတီထွင်မှုနှင့် စီမံခန့်ခွဲမှုပညာ စသည့် ပညာရပ်များကို သင်ကြားပေးလျက်ရှိသည်။
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပင်မဆောင်၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က virtual zoom system ဖြင့် တက်ရောက်ပြီး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ နည်းပြများ၊ ဝန်ထမ်းများ၊ ဘွဲ့ကြို ဘွဲ့လွန်သင်တန်းများမှ ကျောင်းသား ကျောင်းသူများ၊ MBA ၊ MPA ၊ MBF၊ MDevS၊ MAS တို့မှ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား ကျောင်းသူဟောင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီးက မိတ္ထီလာစီးပွားရေးတက္ကသိုလ်သည် (၂၅)နှစ် ကာလပတ်လုံး စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရပ်များကို သင်ကြားဖြန့်ဝေပေးရင်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍ ကနေ ပါဝင်နေပါကြောင်း၊ ယနေ့ခေတ်တွင် သုတေသနကဏ္ဍသည်လည်း အလွန်အရေးကြီးပြီး နိုင်ငံ့အကျိုးပြု သုတေသနရလဒ်ကောင်းများ ထွက်ပေါ်လာရန် ကြိုးစားအားထုတ်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအား အလုပ်သင် အဖြစ် လက်တွေ့ကွင်းဆင်းဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ရေးသည်လည်း အဓိကကျပါကြောင်း၊ ငွေရတုမှသည် နောင်လာမည့်ကာလများတွင်လည်း ပိုမိုခိုင်မာသည့် အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ပြီး နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များကို ဆက်လက်မွေးထုတ်နိုင်ပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဝမ်းမြောက်စကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် တို့က (၂၅)နှစ်မြောက် ငွေရတုသဘင် အခမ်းအနားတွင် ကူညီပါဝင်ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်၍ ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ငွေရတုအထိမ်းအမှတ် Logo ပြိုင်ပွဲတွင် ဆုရရှိသူအား ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။
(၂၅) နှစ်မြောက် ငွေရတုသဘင်အခမ်းအနားတွင် ဓာတ်ပုံပြခန်း၊ သုတေသနစာတမ်းဖတ်ပွဲများနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲများ၊ အမှတ်တရ အရောင်းဆိုင်ခန်းများ၊ စတုဒိသာဧည့်ခံကျွေးမွေးမှု များဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


