နေပြည်တော် စက်တင်ဘာ ၂
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေခံပညာအလယ်တန်းကျောင်း မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် စာရေးကိရိယာများ၊ ကျောင်းစာကြည့်တိုက်သုံး စာအုပ်များနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တောင်ငူမြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ဆရာကွန်းခန်းမ၌ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အခြေခံပညာ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ သင်ယူသူ ဗဟိုပြုသင်ကြားနည်းစနစ်ဖြင့် သင်ကြားသင်ယူမှု အရည်အသွေး တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအနေဖြင့် ပညာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ချီးမြှင့်ငွေများပေးအပ်
အဆိုပါတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည့် မေးမြန်းဆွေးနွေးမှုများအပေါ် ဒုတိယဝန်ကြီးက ရှင်းလင်း ဖြေကြားကာ ကျောင်းစာကြည့်တိုက်တွင်ထားရှိရန် စာအုပ်များနှင့် ဆရာ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပဲခူးမြို့နယ် နယ်မြေခံတပ်ရှိ အခြေခံပညာ အထက်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး မူလတန်းအောက်ဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးအိတ်များနှင့် စာရေးကိရိယာများပေးအပ်ပြီး ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားသည့် ပဲခူးမြို့ အမှတ် (၅) အခြေခံပညာအထက် တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းအတွင်း ရေဝင်ရောက်မှုနှင့် ကျောင်းဆောင်ပြင်ဆင် ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (ရန်ကုန်)ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


