ဂျပန် သက်ကြီးကာယဗလပြိုင်ပွဲ၌ အသက် ၉၀ အရွယ် အမျိုးသားတစ်ဦး ဆုရရှိ 

တိုကျို    စက်တင်ဘာ   ၂

ဂျပန်နိုင်ငံ၌ ကျင်းပသည့် ကာယဗလပြိုင်ပွဲတစ်ခုတွင် အသက် ၈၅ နှစ် နှင့်အထက် အမျိုးအစားတွင် အသက် ၉၀ အရွယ် အမျိုးသားတစ်ဦးက အနိုင်ရရှိခဲ့သည်။ သက်ကြီးကာယဗလသမားများ ပါဝင်ယှဉ်ပြိုင်ကြသည့် အဆိုပါပြိုင်ပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် ဟီရိုရှီးမားမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။  အသက် ၄၁ နှစ်မှ ၉၀ အကြားရှိ အားကစားသမား ၂၀၀ ခန့်က ပြိုင်ပွဲ အမျိုးအစား ၁၃ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ၎င်းတို့အနက် ပြိုင်ပွဲမစတင်မီ တစ်ရက်အလိုတွင်မှ အသက် ၉၀ ပြည့်ခဲ့သူ ကာနာဇာဝါ တိုရှီဆူခီလည်း ပါဝင်ခဲ့ကာ ၎င်းသည် အသက် ၈၅ နှစ်နှင့် အထက် အမျိုးအစားတွင် ပြိုင်ဘက် ခြောက်ဦးနှင့်အတူ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မူလအဆင့်တွင် သက်ကြီးကာယဗလသမားများအားလုံး စင်ပေါ်သို့ အတူတကွတက်ရောက်ကာ သတ်မှတ်ထားသော ပြကွက်ပုံစံများကို တစ်ပြိုင်နက်တည်း ပြသခဲ့ကြသည်။ ဗိုလ်လုပွဲတွင်မူ ပြိုင်ပွဲဝင်တစ်ဦးချင်းစီအနေဖြင့် နှစ်သက်ရာပုံစံများဖြင့် ကိုယ်ခန္ဓာအလှအပကို ပြသနိုင်ရန် အချိန် တစ်မိနစ်စီ ရရှိခဲ့ကြသည်။

အသက် ၉၀ ရှိသော ကာနာဇာဝါ တိုရှီဆူခီ ယှဉ်ပြိုင်နေချိန်တွင် ပရိသတ်များက ကျယ်လောင်သော လက်ခုပ်ဩဘာသံများပေးခဲ့သည်။ ကာနာဇာဝါ တိုရှီဆူခီက အနိုင်ရရှိခဲ့ပြီးနောက် ကမ္ဘာ့စံချိန်သစ်များ တင်နိုင်ရန် ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်