နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်စေရန်အတွက် အရည်အချင်း၊ အရည်အသွေးပြည့်ဝသည့် ပညာတတ်လူငယ်များ၏ စွမ်းရည်စွမ်းအားမြင့်မားမှုသည် အဓိကကျသည်။ အတွေးအခေါ်မြင့်မားပြီး ဗလငါးတန်ပြည့်ဝသည့် ထူးချွန်လူငယ်များသည် နိုင်ငံတော်အတွက် အဖိုးအနဂ္ဃထိုက်တန်သည့် ရတနာများပင်ဖြစ်သည်။ လူငယ်လူရွယ်အားလုံးသည် စွမ်းရည်စွမ်းအားမြင့်မားထက်သန်ကြသူများဖြစ်ရာ အပတ်တကုတ်ကြိုးပမ်းအားထုတ်ခြင်းဖြင့် လူရည်ချွန် လူရည်မွန်များ ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံတော်အနေဖြင့် လူငယ်များ၏အခန်းကဏ္ဍကို ထိထိရောက်ရောက်အာရုံစိုက်ပြီး အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ လူငယ်လူရွယ်တိုင်း ပညာတတ်မြောက်ရေး၊ ထူးချွန်လူငယ်များကို ထိုက်ထိုက်တန်တန် ချီးမြှင့်ထောက်ပံ့ရေးတို့ကို ပြုလုပ်ပေးလျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံသားများ၏ အသိဉာဏ်ပညာပြည့်စုံ ကြွယ်ဝမှု၊ အခြေခံစိတ်ဓာတ်ကောင်းမွန်မှု၊ ဆန်းသစ်တီထွင်နိုင်စွမ်းရှိမှု၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို တန်ဖိုးထားထိန်းသိမ်းတတ်မှု၊ ကိုယ်ကျင့်စာရိတ္တကောင်းမွန်မှု စသည့်အရည်အချင်းများကို မဖြစ်မနေ တည်ဆောက်ပျိုးထောင်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်မှသာလျှင် ဘက်စုံထူးချွန်ထက်မြက်ပြီး စွမ်းဆောင်ရည်မြင့်မားသည့် နိုင်ငံသားများ၏ စွမ်းပကားများနှင့် ခေတ်မီနိုင်ငံတော်သစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ Naypyitaw State Academy ဘွဲ့နှင်းသဘင်ခန်းမ၌ ဩဂုတ် ၃၁ ရက်က ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “နိုင်ငံသားတစ်ယောက်၏ ကျင့်ဝတ်သိက္ခာနှင့်အညီ တန်ဖိုးရှိစွာနေထိုင်တတ်ပြီး ထူးချွန်ထက်မြက်သည့် လူရည်ချွန် လူရည်မွန်များဖြစ်အောင် ဆက်လက်ကြိုးစားကြရန်၊ နိုင်ငံနှင့် လူမျိုးအကျိုးကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များနှင့် သစ္စာရှိရှိ အားမာန်အပြည့်ဖြင့် သယ်ပိုးထမ်းရွက်ကြရန်၊ နိုင်ငံ့အနာဂတ်ကို ပညာဖြင့် ထုဆစ်ပုံဖော်နိုင်သည့် ရှေ့ဆောင်လမ်းပြကောင်းများဖြစ်စေရေးဘဝတွင် အောင်မြင်မှုများရအောင် ကြိုးပမ်းကြရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီး တည်ဆောက်ရာတွင်လည်း ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား တာဝန်ကျေပွန်အောင် ပူးပေါင်းပါဝင်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
လူငယ်လူရွယ်များအနေဖြင့် ပညာတတ်မြောက်ရေးအပြင် မိမိနိုင်ငံ၏ ရေ၊ မြေ၊ တောတောင်သဘာဝပထဝီဝင်နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန်ကန်ကန်သိရှိထားရန်လိုအပ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုက်နာပြီး မှန်ကန်သည့်လုပ်ရပ်များနှင့် နိုင်ငံကိုအကျိုးပြုနိုင်အောင် ကြိုးစားအားထုတ်ရမည်ဖြစ်သည်။ လူငယ်များသည် အနာဂတ်ကို ဦးဆောင်မည့်သူများဖြစ်၍ ပြောဆိုလုပ်ကိုင်မှုမှန်သမျှတွင် သေသေချာချာစဉ်းစားသုံးသပ်ပြီး နိုင်ငံ့အကျိုးစီးပွားအတွက် အကျိုးဖြစ်ထွန်းစေမည်များကို ဖော်ဆောင်ရန်နှင့် ထိခိုက်စေမည်များကို ရှောင်ရှားကြရန်လိုမည်ဖြစ်သည်။ အခြေခံသဘောတရားများကို နားလည်စဉ်းစား သုံးသပ်ဆောင်ရွက်နိုင်ရန်အတွက် အသိပညာဗဟုသုတများ ပြည့်စုံကြွယ်ဝရန်လိုသည်။ အသိပညာအားနည်းပါက စဉ်းစားဆုံးဖြတ်နိုင်စွမ်းလွဲမှားပြီး မိမိအကျိုး၊ နိုင်ငံအကျိုးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပညာထူးချွန်အောင် ကြိုးစားအားထုတ်ရမည်ဖြစ်သလို စာပေဖတ်ရှုသည့် အလေ့အထကောင်းများကိုလည်း မပြတ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
အထူးသဖြင့် ကျန်းမာစွာနေထိုင်တတ်ရန်အတွက် ဝါသနာပါရာ အားကစားတစ်မျိုးမျိုးကို ပုံမှန်ပြုလုပ်ပေးရမည်ဖြစ်သည်။ အသက်အရွယ်အလိုက် အတ္တ၊ ပရ မျှမျှတတ ဆောင်ရွက်ရန်လိုပြီး အချိန်ကိုအကျိုးရှိအောင် အသုံးချတတ်ရန်လိုသည်။ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်၍ ဒီဂျစ်တယ်စီးပွားရေးနှင့် AI အခြေပြု ဝန်ဆောင်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အားကောင်းလာနေသည်။ နည်းပညာခေတ်တွင် လူငယ်များအနေဖြင့် ကမ္ဘာ့အခြေအနေအရပ်ရပ်တို့ကို မျက်ခြည်မပြတ်သိရှိပြီး သိပ္ပံနှင့် နည်းပညာအခြေပြုစွန့်ဦးတီထွင်မှုများ ကြိုးပမ်းဆောင်ရွက်ကြရန်လိုသည်။ ခေတ်မီနည်းပညာရပ်များကို လက်လှမ်းမီရှာဖွေရာတွင် လူမှုကွန်ရက်များနှင့် အင်တာနက်များကို မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချရန်လိုသည်။ အကျိုးမရှိသည့် အွန်လိုင်းလိမ်လည်မှု၊ မဟုတ်မမှန် လုပ်ကြံဖန်တီးမှု၊ အများပြည်သူစိုးရိမ်ပူပန်မှု၊ အကျင့်စာရိတ္တပျက်ပြားစေမှုစသည့် တလွဲအသုံးချမှုများကို မပြုလုပ် မိကြရန်လိုသည်။
သို့ဖြစ်ရာ လူငယ်လူရွယ်များအနေဖြင့် တိုင်းပြည်အနာဂတ်တာဝန်ကို လွှဲပြောင်းရယူကြမည့်သူများဖြစ်ရာ နိုင်ငံနှင့် ပြည်သူကို အကျိုးယုတ်စေမည့် လုပ်ဆောင်မှု များကိုရှောင်ရှားပြီး ကိုယ်ရည်ကိုယ်သွေးနှင့် ကိုယ်ကျင့်သိက္ခာကောင်းမွန်ရေး၊ ပညာတတ်မြောက်ရေးအပြင် ဗလငါးတန်နှင့်ပြည့်စုံသည့် ထူးချွန်လူငယ်များဖြစ်စေရေး၊ အတွေးအခေါ်မြင့်မားပြီး စဉ်းစားဝေဖန်သုံးသပ်နိုင်စွမ်းမြင့်မားသည့် လူငယ်များဖြစ်စေရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းဆောင်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းရှိသည့် အရင်းအမြစ်များဖြစ်စေရေးအတွက် နိုင်ငံတော်က အားပေးမြှင့်တင်ပေးနေမှုနှင့်အတူ မိမိတို့ဘဝအောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်းအားထုတ်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။


