ငဝန်တာတမံနိမ့်ကျမှုဖြစ်ပေါ်ခဲ့မှုအပေါ် ရေတိုက်စားမှုကာကွယ်ခြင်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ


နေပြည်တော် စက်တင်ဘာ ၁

 

ငဝန်တာတမံနိမ့်ကျမှုကြောင့် ရေစီးဝင်လမ်းကြောင်း၏ လက်ယာဘက်ခြမ်းအား နိုင်လွန်ကြိုးပိုက်များဖြင့်ထုပ်ပြီး သဲအိတ်တွဲများချခြင်း၊ ဒဂုန်စာမရီရေယာဉ်ကြီးဖြင့် Geobag အိတ်ကြီးများချခြင်း၊ Steel Sheet Pile များ ရိုက်သွင်းခြင်း၊ အလယ်ရေနက်ရေစီးကြောင်းတွင် Split Berge ရေယာဉ်ကြီးဖြင့် Geobag အိတ်ကြီးများချခြင်း၊ လက်ဝဲဘက်ခြမ်းအား Steel Sheet Pile များ၏‌ နောက်‌ကျောဘက်တွင် Jumbo Bag များချခြင်း လုပ်ငန်းများကို ဧရာဝတီတိုင်းဒေသ ကြီးအစိုးရအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တံတားဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ နည်းပညာကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများက ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းများကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ရှိရေတိုက်စားမှု ကာကွယ်ခြင်းလုပ်ငန်းနှင့် ရေစီးလမ်းကြောင်း ပိတ်ဆို့ကာကွယ်နိုင်ရေး အရှိန်အဟုန်ဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ၊ ငဝန်မြစ်နှင့် ငဝန်တာ နိမ့်ကျရေစီးဝင်သည့်နေရာတို့၏ နေ့စဉ်ရေထုထည်စီးနှုန်းနှင့် မြစ်ကြမ်းပြင်နိမ့်မြင့်အခြေအနေ၊ လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းခွင်သုံးပစ္စည်းများ စုဆောင်းထားရှိမှုနှင့် ထပ်မံသယ်ယူမည့် အခြေအနေများကို တင်ပြဆွေးနွေးပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ယနေ့နံနက်ပိုင်းတွင် ညောင်တုန်းမြို့နယ် ဂန်‌ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/ ၆ မှ ၁၁/ ၆+၃၀၀ နေရာ၌ မြစ်ရေတိုက်စားမှုကြောင့် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပထမယာယီပန်းတာ အရှေ့လျှောစောက်အခြေနှင့် အနောက်လျှောစောက်အခြေတွင် သဲအိတ်များထောက်ခြင်း၊ တာတမံကြံ့ခိုင်မှုအားနည်းသည့် တာမိုင် ၁၁/ ၅ နှင့် ၁၁/ ၆ ကြားတွင် အလျားပေ ၃၀၀ တုတ်တန်းရိုက်သဲဖြည့်ခြင်း၏ နောက်ဘက်တွင် သဲအိတ်ဖြင့် အခြေထောက်ခြင်းအား ပိုမိုတောင့်တင်းခိုင်မာမှုရှိစေရန် ဆောင်ရွက်ခြင်း၊ ဒုတိယယာယီပန်းတာ လုပ်ငန်းဆက်လက်ဆောင်ရွက်ခြင်းတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်