ရေဘေးသင့်ပြည်သူများ စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက် စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိ


ပုသိမ် စက်တင်ဘာ ၁

 

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပြီး လိုအပ်သည့်မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်းထားရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ယနေ့မွန်းလွဲပိုင်းတွင် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

 

ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကျဆင်းပါက ပျက်စီးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန်ပြန်လည်လည်ပတ်နိုင်ရေးတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။

 

တွေ့ဆုံပွဲအပြီးတွင် အိုင်သပြုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

ထို့အတူ ရေကျော်စီးဝင်မှုကြောင့် ပျက်စီးခဲ့သည့် အိုင်သပြုနယ်မြေရဲစခန်းဝင်း ခြံစည်းရိုးနှင့် အဝင်လမ်းများ ပြန်လည်ပြုပြင်သွားမည့် အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရဲတပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

 

အလားတူ အိုင်သပြုတိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ကာ အမှတ် (၃) ရပ်ကွက် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်သည်။

 

ယ‌နေ့ နံနက်ပိုင်းကလည်း ဟင်္သာတမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာတွင် ဘိုကလေးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စေတနာရှင် မြို့သူ/ မြို့သားများ၏ အလှူငွေကျပ် သိန်း ၁၅၀ ကို လည်းကောင်း၊ Horizon Telecom International ၏ အလှူငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)