ရန်ကုန် စက်တင်ဘာ ၁
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ရွှေပြားအလှူရှင် ၃၆ ဦးက ရွှေသင်္ကန်းတော် ခြောက်ကျပ်သားရွှေပြား တစ်ချပ်နှင့် တစ်ကျပ်သားရွှေပြား ၅၅ ချပ် စုစုပေါင်းရွှေစင်ရွှေပြား ၅၆ ချပ်နှင့် ငွေသားအလှူရှင် ၁၇၇ ဦးတို့က အလှူငွေ ၂၃၃၀၀၇၅၇၈၈ ကျပ်တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယနေ့ မွန်းလွဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသည့် ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၆၀၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။
ပြန်လည်ပေးအပ်
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းရာ အလှည့်ကျသဘာပတိ ဦးကျော်ဇေယျနှင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များက လက်ခံရယူ၍ ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာဘန္ဒန္တ အဂ္ဂသာမိထံမှ တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


