အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ Development phase အုပ်စုအဖွင့်ပွဲတွင် မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

ရန်ကုန်     ဩဂုတ်     ၃၁

၂၀၂၇  အာရှဖလား   ယူ-၂၀  ခြေစစ်ပွဲ Development phase အုပ်စု(K) ပထမနေ့ကို သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း ၌ကျင်းပရာ မြန်မာအသင်းက သီရိလင်္ကာအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့သည်။

မြန်မာအသင်းသည် အုပ်စုအဖွင့်ပွဲတွင် ဂိုးပြတ်အနိုင်ရယူနိုင်ခဲ့သဖြင့် နောက်တစ်ဆင့်တက်ရောက်နိုင်ရန်  အခြေအနေကောင်းသွားခဲ့သည်။  မြန်မာအသင်းသည်  ၂၀၂၇ အာရှဖလား ယူ-၂၀ ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် တိုက်ရိုက်ကစားခွင့်ရမည့် Qualification phase တွင် ကစားခွင့်မရဘဲ Development phase တွင်သာ  ကစားရသဖြင့်  ထိပ်ဆုံးနှစ်သင်းတွင် ရပ်တည်နိုင်မှသာ ၂၀၂၉ ပြိုင်ပွဲတွင် ခြေစစ်ပွဲတိုက်ရိုက်အောင်မြင်မည့် Qualification phase သို့ တက်လှမ်းယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အဖွင့်ပွဲကစားရသည့် သီရိလင်္ကာအသင်းကို ခြေအသာဖြင့်ကစားကာ ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည်  ဖိကစားနိုင်သော်လည်း  အသင်းလိုက်ကစားပုံနှင့် တစ်ဦးချင်းကစားပုံများ လိုအပ်ချက်များရှိနေ သဖြင့် အကောင်းဆုံးပုံစံမရဘဲ   ရုန်းကန်ခဲ့ရသည်။ ၁၈  မိနစ်တွင်  မြန်မာအသင်းတိုက်စစ်ကို   ဖျက်ထုတ်ရာမှာ သီရိလင်္ကာနောက်ခံလူ မာဇီယတ် ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် မြန်မာအသင်း   ဂိုးစတင်ရရှိခဲ့ခြင်းဖြစ်သည်။   ၂၆  မိနစ်တွင်  ကောင်းခန့်ကျော်က   အဝေးကန်ချက်ဖြင့်   ဒုတိယဂိုးသွင်းယူသလို  ၃၉  မိနစ်တွင်  ပင်နယ်တီဧရိယာအတွင်း အပြင်းကန်သွင်းခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်း သုံးဂိုးပြတ်ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ဆက်လက်ဖိကစားနိုင်သော်လည်း မိုးရွာသွန်းမှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရပြီး ပွဲပြီးခါနီးမှသာ နောက်တစ်ဂိုး ထပ်သွင်းနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် စတုတ္ထဂိုးကို ၈၆ မိနစ်တွင် Sai Zom Shang က သွင်းယူခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ ၃ ရက် ညနေ ၄ နာရီတွင် ဘရူနိုင်းအသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်