ညောင်တုန်းမြို့နယ် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာကိုယ်ထည်တိုက်စားခံရမှု တားဆီးကာကွယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော် ဩဂုတ် ၃၁

 

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တာမိုင် ၁၁/ ၆ နှင့် ၁၁/ ၇ ကြား နေရာ၌ တိုးမြစ်၏ မြစ်ကမ်းရေတိုက်စားမှုကြောင့် ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) တွင် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းမှစ၍ အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည်တိုက်စားမှု ဖြစ်ပွားခဲ့သည်။

 

ထိုသို့ တာကိုယ်ထည်တိုက်စားခံရမှုအပေါ် ယာယီကာကွယ်နိုင်ရန်အတွက် တာမိုင် ၁၁/ ၅ နှင့် ၁၁/ ၆ ကြားတွင် အလျားပေ ၃၅၀ ခန့်အား တုတ်တန်းရိုက် သဲအိတ်ဖြည့်၍ မူရင်းတာ၏ တာခြေထောက် Second Bund Level အား မူလနိမ့်မြင့်မှတ် ၁၅ ပေမှ ပေ ၂၀ သို မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တုတ်တန်းအားအတွင်းဘက်မှ သဲအိတ်ဖြင့် Slope အခြေထောက်ခြင်း လုပ်ငန်းများဆောင်ရွက်ခြင်း၊ တာခြေတွင် တုတ်တန်းရိုက် သဲအိတ်ဖြည့်ခြင်း၊ တာလမ်းကြောင်းရှင်းခြင်းတို့ကို နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ စက်ယန္တရားများဖြင့် အင်တိုက်အားတိုက်အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ 

 

ထိုသို့ဆောင်ရွက်နေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်