ညောင်တုန်းကျွန်းတာမြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှုဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


ပုသိမ် ဩဂုတ် ၃၁

 

ညောင်တုန်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ) သည် ဩဂုတ် ၂၅ ရက်က ဧရာဝတီမြစ်ရေတိုက်စားပြီး တာအိပဲ့ကျမှုဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/ ၆ နှင့် ၁၁/ ၇ ကြားနေရာနှင့်တစ်ဆက်တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ယနေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများက ကမ်းပြို၊ ကမ်းစား ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် တာခြေထောက်ခြင်းလုပ်ငန်း အလျားပေ ၃၅၀ ထပ်မံဆောင်ရွက်ခြင်း၊ ယခင်ဆောင်ရွက်ပြီးသော ယာယီပန်းတာအား ထပ်မံမြှင့်တင်ဆောင်ရွက်ခြင်းလုပ်ငန်း၊ ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင်ပါလာသော နုန်းမြေများ စုပုံလာအောင် ပြုလုပ်ခြင်းလုပ်ငန်းနှင့် သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ထပ်မံ၍ မြေအိပဲ့ကျမှု မဖြစ်ပေါ်စေရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများကို အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန်၊ မြစ်ကမ်းပါးရေတိုက်စားမှု အခြေအနေများကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေး၍ အခြေအနေအလိုက် လိုအပ်သည့် ကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန် မှာကြားကာ ယာယီပန်းတာ တည်ဆောက်ရာတွင် ရွှေ့ပြောင်းခဲ့ရသည့် ပြည်သူများ၏ ကွမ်းခြံများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။ 

 

ထို့ပြင် မအူပင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) မှ တာဝန်ရှိသူများက အလှူငွေကျပ် သိန်း ၁၀၀ နှင့် ငွေကျပ် သိန်း ၁၇၀ တန်ဖိုးရှိ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများအား လာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)