ရန်ကုန် ဩဂုတ် ၃၀
ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် 2027 AFC U-20 Asian Cup Qualification (Development Phase) အုပ်စု(K) ပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာ ယူ-၂၀ အသင်းသည် ဩဂုတ် ၃၁ ရက် ညနေ ၄ နာရီတွင် သီရိလင်္ကာအသင်းနှင့် စတင်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာအသင်း ပါဝင်သည့် အုပ်စု(K)တွင် မော်လဒိုက်၊ ဘရူနိုင်းနှင့် သီရိလင်္ကာအသင်းတို့ ပါဝင်ပြီး မြန်မာအသင်း အနေဖြင့် စက်တင်ဘာ ၃ ရက်တွင် ဘရူနိုင်း၊ စက်တင်ဘာ ၆ ရက်တွင် မော်လဒိုက်အသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာ ယူ-၂၀ အသင်း နည်းပြချုပ် Ryuji Sueoka က နှစ် နှစ်တာကာလအတွင်း အသင်းအနေဖြင့် အတွေ့အကြုံများစွာရရှိခဲ့ကာ ကစားသမားများ သိသိသာသာတိုးတက်လာခဲ့သဖြင့် ဩဂုတ် ၃၁ ရက်တွင် ယှဉ်ပြိုင်ရမည့် သီရိလင်္ကာအသင်းနှင့် ပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားပြီး ပွဲစဉ်တိုင်းကို အောင်မြင်စွာကျော်ဖြတ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာယူ-၂၀ အသင်းခေါင်းဆောင် သက်ပိုင်စိုးက နည်းပြ၏ ညွှန်ကြားချက်များကို အပြည့်အဝလိုက်နာကစားသွားမည်ဖြစ်ပြီး လက်ရှိတွင် တစ်သင်းလုံးအနေဖြင့် ပြိုင်ပွဲအတွက် အပြည့်အဝအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-MFF


