ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ကြစို့ …

အောင်မင်း(ကျန်းမာရေးပညာ)

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံသားအားလုံး၏ ကျန်းမာကြံ့ခိုင်မှုအပေါ်မူတည်သည်ဖြစ်၍ နိုင်ငံသားအားလုံး၏ ကျန်းမာရေးအသိပညာ မြင့်မားရေးသည် အလွန်အရေးကြီးပေသည်။ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများအနက် အားကစားဆိုင်ရာ ကျန်းမာရေးအသိပညာမြင့်မားပြီး လက်တွေ့လိုက်နာကျင့်သုံးလာစေရေးသည်လည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။

ကိုယ်လက်လှုပ်ရှား နည်းပါးခြင်းကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများ ဖြစ်ပွားမှု တစ်နေ့တခြား ပိုမိုများပြားနေပါသည်။ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်ခြင်းနှင့်အတူ လုပ်ငန်းခွင်နှင့် အိမ်မှုကိစ္စများတွင် လှုပ်ရှားမှုနည်းပါးခြင်း၊ သီးသန့်ကိုယ်လက်လှုပ်ရှားမှုများ မလုပ်ဆောင်ခြင်းတို့ကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများဖြစ်ပွားမှုသည် တစ်နေ့တခြား များပြားလာနေပါသည်။

မကူးစက်နိုင်သောရောဂါများသည် စနစ်တကျ ကုသထိန်းချုပ်နိုင်ခြင်းမရှိပါက ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် မသန်စွမ်းဖြစ်ခြင်းနှင့် ရောဂါခံစားရသူတစ်ဦးတစ်ယောက်ချင်း ကိုသာမက ရောဂါ၏နောက်ဆက်တွဲဝေဒနာများကြောင့် အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာခြင်း၊ ဆေးကုသမှုကုန်ကျစရိတ်များကြောင့် ၎င်းတို့၏ မိသားစုအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်း၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုပါ အဟန့်အတားဖြစ်ပေါ်စေခြင်းတို့ကြောင့် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပွားလာပါက စောစီးစွာသိရှိကုသခြင်းသည် အထူးအရေးကြီးလှပါသည်။

ထို့ကြောင့် “ကိုယ်လက်လှုပ်ရှားအားကစားသည် ဆေးဖြစ်သည်” ဆိုသည့်စကားအတိုင်း မိမိ အသက်အရွယ်၊ ကျား/မ အလုပ်အကိုင်၊ သဘာဝအရ မိမိနှင့်သင့်တော်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို လူတိုင်းမှ စနစ်တကျ လုပ်ဆောင်နိုင်ရန် အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါသည်။

ခန္ဓာကိုယ်လှုပ်ရှားမှုဟူသည် စွမ်းအင်-အင်အားကိုသုံးကာ ခန္ဓာကိုယ်အစိတ်အပိုင်းများ လှုပ်ရှားမှုဖြစ်သည်။ နေ့စဉ်လုပ်နေကျလှုပ်ရှားမှု (ထိုင်၊ ထ၊ လမ်းလျှောက် - စသည်)၊ အသက်မွေး ဝမ်းကျောင်းအလိုက် လုပ်ကိုင်ရသောလှုပ်ရှားမှု၊ အားလပ်နားနေချိန်ပြုလုပ်သော လှုပ်ရှားမှုတို့ ပါဝင်ကြသည်။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဟူသည်မှာမူ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန် အတွက်ရည်ညွှန်း၍ပြုလုပ်ရမည့် အမျိုးအစား၊ ပြင်းထန်မှု၊ ကြာမြင့်ချိန်နှင့် အကြိမ်တို့ကို စနစ်တကျ စီစဉ်ရေးဆွဲထားပြီး အစီအစဉ်အတိုင်း ဆောင်ရွက်ရမည့် လှုပ်ရှားမှုမျိုးဖြစ်သည်။

ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပါးခြင်း၏ ဆိုးကျိုးများ

ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများဖြစ်သည့် အဝလွန်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါနှင့် ကင်ဆာရောဂါ အမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်သည်။ မကူးစက်နိုင်သော ရောဂါများသည် ပြည်သူတို့၏ကျန်းမာရေးကို အချိန်ကြာမြင့်စွာ ထိခိုက်စေနိုင်သော ရောဂါများဖြစ်ပြီး အလွန်လျင်မြန်စွာ ကြီးထွားလာသည့်ပြဿနာ တစ်ခုဖြစ်ပါသည်။ ခေတ်မီတိုးတက်သော စက်မှုသိပ္ပံပညာများထွန်းကားလာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားတိုးတက်လာခြင်းနှင့်အတူ လုပ်ငန်းခွင်နှင့် အိမ်မှုကိစ္စများတွင် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် မကူးစက်နိုင်သော နာတာ ရှည်ရောဂါများ ဖြစ်ပွားသေဆုံးမှုသည် မြင့်တက်လာနေပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများ

ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် နှလုံးနှင့်သွေးကြောရောဂါများ၊ သွေးတိုးရောဂါ၊ အဝလွန်ရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ ခါးနာရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ သွေးတွင်းအဆီ ဓာတ်များခြင်း၊ ကင်ဆာရောဂါများ၊ သွေးကြောတွင်း သွေးခဲပိတ်ရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ပူပင်သောကရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းမှုရောဂါနှင့် သူငယ်ပြန်ရောဂါများဖြစ်ပွားမှုတို့ကို ကာကွယ်နိုင်ခြင်း၊ ရောဂါဖြစ်ပွားနှုန်းနည်းစေခြင်းနှင့် ရောဂါရှိသော်လည်း ကျန်းမာစွာနေနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

ထို့အပြင် အိုမင်းသည်အထိ သူတစ်ပါးအကူအညီမလိုဘဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သည့် ပျော်ရွှင်ကျန်းမာသော ဘဝရရှိနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခြင်းကို ငယ်စဉ်ကလေးဘဝကစ၍ ပြုစုပျိုးထောင်လာရ ပါမည်။ လူတစ်ဦး၌ ရှိသင့်သောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်နှင့် ကိုယ်အလေးချိန်များလျှင် လျှော့ချရန်ကြိုးစားရမည်။ ရောဂါရှိသော်လည်း (သို့မဟုတ်) အသက်အရွယ်ကြီးလာသော်လည်း သင့်လျော်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ဆောင်ရွက်ရာတွင် လေ့ကျင့်ခန်းအမျိုးအစား၊ ပြင်းထန်မှု၊ အချိန် ကြာမြင့်မှုနှင့် အကြိမ်တို့အပေါ်မူတည်၍ အကျိုးကျေးဇူးရရှိမှု ကွာခြားပါသည်။ လူတစ်ဦးလျှင် တစ်နေ့ အနည်းဆုံးမိနစ် ၃၀၊ တစ်ပတ်လျှင်အနည်းဆုံး ငါးရက် စုစုပေါင်း မိနစ် ၁၅၀ ခန့် ကိုယ်လက် လှုပ်ရှားမှုလုပ်ရန် လိုအပ်ပါသည်။

ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေး မျိုးရှိပါသည်။

၁။ သက်လုံကောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း

ဤလေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာရှိ ကြွက်သားအများစုပါဝင်ပြီး အချိန်ကြာကြာ ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ သက်လုံကောင်းလာခြင်းဖြင့် မိမိလုပ်လိုသော အလုပ်များကို ပိုမိုလုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါများကိုလည်း မဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။

လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ အေရိုးဗစ်ကစားခြင်း၊ လှေကားအဆင်းအတက် ပြုလုပ်ခြင်း၊ ခြေလျင်တောင်တက် ပြုလုပ်ခြင်းတို့ သည် သက်လုံကောင်းမှုနှင့်ဆိုင်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းဖြစ်ပါသည်။

၂။ ကြွက်သားအင်အား သန်မာမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်း

ကိုယ်ခန္ဓာရှိကြွက်သားများ ကြီးထွားသန်မာလာစေရန် ဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါ သည်။ ကြွက်သားအင်အားသန်မာမှုသည် ခန္ဓာကိုယ်ရွေ့လျားလှုပ်ရှားလုပ်ကိုင်နိုင်မှုအတွက် အဓိက အထောက်အကူပြုပါသည်။ မူလချည့်နဲ့နေသူများအတွက် ကြွက်သားအင်အား အနည်းငယ်တိုးရုံဖြင့် အမှီအခိုကင်းစွာ လှုပ်ရှားသွားလာပြုလုပ်နိုင်ပါမည်။ ခန္ဓာကိုယ်အဆီမတိုးအောင် ထိန်းသိမ်းနိုင် သဖြင့် အဝလွန်ရောဂါ၊ ဆီးချိုရောဂါတို့အတွက် ကာကွယ်တားဆီးကုသရန် အထောက်အကူပြုပါ သည်။

-        အလေးမ (အလေးတုံး/အလေးမစက်များ အသုံးပြုခြင်း)၊

-        စပရိန်များ/မျှော့ကြိုးများ အသုံးပြုသော လေ့ကျင့်ခန်းများ၊

-        မိမိကိုယ်ခန္ဓာအလေးချိန်ကို အသုံးပြုသော လေ့ကျင့်ခန်းများ - ဒိုက်ထိုးခြင်း၊ ဘားတန်း ခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်းတို့သည် ကြွက်သားအင်အားကို သန်မာမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းအမျိုးအစား ဖြစ်ပါသည်။

၃။ ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်း

ခန္ဓာကိုယ်ဟန်ချက် ထိန်းသိမ်းပေးနိုင်သော လေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်ဟန်ချက်ပျက်၍ လဲကျခြင်းစသော မတော်တဆထိခိုက်ဒဏ်ရာရခြင်းများကို ကာကွယ်ပေးပါသည်။

ခြေတစ်ချောင်းထောက်ရပ်ခြင်း ၊

ထိုင်နေရာမှ လက်ကိုင်အားပြုမသုံးဘဲ မတ်တတ်ရပ်ခြင်း ၊

ဘယ်ညာတစ်လှည့်စီ ဖနောင့်နှင့် ခြေဖျား ထိပ်ထိကပ်၍ လမ်းလျှောက်ခြင်း၊ ထိုက်ကျိ ကစားခြင်း၊

ခန္ဓာကိုယ်ဟန်ချက်ထိန်း ဘောလုံးပျော့များ၊ ဘုတ်ပြားများ အသုံးပြုလေ့ကျင့်ခြင်း တို့သည် ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့်ဆိုင်သော လေ့ကျင့်ခန်းအမျိုးအစား ဖြစ်ပါသည်။

၄။ ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်း

ခန္ဓာကိုယ် အရိုးအဆစ်များကို ပျော့ပျောင်းစေ သောလေ့ကျင့်ခန်းဖြစ်ပါသည်။ ခန္ဓာကိုယ်အရိုး အဆစ်များ ပျော့ပျောင်းခြင်းသည် ထိခိုက်ဒဏ်ရာရမှု၊ လဲကျမှုတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။

ထိုက်ကျိ၊ ယောဂ၊

အကြောအဆစ်များ ဆွဲဆန့်ပေးခြင်းတို့သည် ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့်ဆိုင်သော လေ့ကျင့်ခန်းအမျိုးအစားဖြစ်ပါသည်။

ထို့ကြောင့် ကျန်းမာကြံ့ခိုင်သန်စွမ်းဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းကို ယနေ့မှစတင် ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း စတင်သည့်နေ့သည် ကျန်းမာရေးအတွက် အကျိုးစတင်ရရှိသည့်နေ့ ဖြစ်ပါသည်။

ရုပ်မြင်သံကြား ကြည့်ချိန်၊ ဖေ့စ်ဘွတ် / ကွန်ပျူတာသုံးချိန်များကို လျှော့ခြင်း၊ လမ်းလျှောက်နိုင်သော အကွာအဝေးခရီးကို လမ်းလျှောက်သွားလာခြင်း။ ဓာတ်လှေကားသုံးရမည့်အစား လှေကားမှ တဖြည်းဖြည်းတက်ခြင်း၊ အိမ်အမှိုက် လှည်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဖုန်သုတ်ခြင်း၊ သစ်ပင်ပန်းပင်ပြုပြင်ရေလောင်းခြင်း စသည်တို့ကိုနိုင်သလောက် လုပ်ဆောင်ရပါမည်။

မနိုင်ဝန်ကို မထမ်းပါနှင့်၊ ကျန်းမာရေး အတွက် အကျိုးရနိုင်သည့် သတ်မှတ် အတိုင်းအတာရောက်ရန် လေ့ကျင့်ခန်း အတိုင်းအတာတိုးမြှင့်လုပ်ဆောင်ရာတွင် နည်းနည်းချင်းတိုးပြီး တစ်ဆင့်ချင်း ဆောင်ရွက်ရပါမည်။

အပေါင်းအသင်းမိတ်ဆွေများနှင့် စိတ်ပျော်ရွှင်စွာ စုပေါင်းလုပ်ဆောင်ရသည့် လေ့ကျင့် ခန်းမျိုးဖြစ်ပါက ပိုမိုကောင်းမွန်ပါသည်။

လေ့ကျင့်ခန်းဆောင်ရွက်စဉ် ရာသီဥတုနှင့် လိုက်ဖက်သော အဝတ်အစားကို ရွေးချယ် ဝတ်ဆင်သင့်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် ရောဂါ ကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်း နှင့် ကျန်းမာရေးအဆင့်အတန်းမြှင့်တင်ခြင်း လုပ်ငန်းများအတွက် ဆေးဝါးမပါဘဲ အကုန်အကျ သက်သာစွာဖြင့် မိမိကိုယ်တိုင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းဖြစ်သောကြောင့် ယခုမှစ၍ စတင် လုပ်ဆောင်ကြဖို့ တိုက်တွန်းရေးသားလိုက်ရပါသည်။ ။

ရည်ညွှန်း-

(၁)     လူတိုင်းအိမ်တိုင်းဆောင်ထား ကျန်းမာရေး အသိပညာများ(၂၀၂၄)

(၂)      Tint Swe Latt, Ko Ko Zaw, Ko Ko, Mya Ohnmar, Moh Moh Hlaing, Ei Sandar Oo and Kyaw Myint Myat Thein. (2014) Report on National Survey of Diabetes Mellitus and Risk Factors for Non-Communicable Diseases in Myanmar. Available from URL: https://www.who.int/ needs/ surveillance/steps/Myanmar_2014.