မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော် ဩဂုတ် ၂၇

 

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွားဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ်တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များအား စုံစမ်းရှာဖွေဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကောင်းမှုတုံရပ်ကွက် ဟိုနားနယ်မြေ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသားငါးဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီးရှစ်ဦး စုစုပေါင်း ၃၁ ဦးတို့အား ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ နှင့် ဆက်စပ်ပစ္စည်းများ၊ Star Link နှစ်လုံး၊ Wifi စက်နှစ်လုံး၊ တရုတ် ယွမ် ၂၄၅၀၀၊ Lexus အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ Crown အမျိုးအစား မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ်မျိုးစုံ သုံးစီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှုမရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်