သတင်းဆောင်းပါး - Smart Team
ယနေ့ခေတ်တွင် လျှပ်စစ်စွမ်းအင်သည် ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေးအပါအဝင် နေ့စဉ်လူနေမှုဘဝ၊ စက်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြုဝန်ဆောင်မှုလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအရင်းအမြစ်တစ်ခုဖြစ်ပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၊ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နိုင်မှု၊ လူမှုဘဝအရည်အသွေး မြင့်မားလာမှုနှင့် စက်မှုနည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတို့သည် ယုံကြည်စိတ်ချရပြီး ထိရောက်သော လျှပ်စစ်ဓာတ်အားစနစ်တစ်ခုအပေါ် များစွာမူတည်လျက်ရှိပါသည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားကဏ္ဍ၏ လုံခြုံစိတ်ချရမှု၊ ထိရောက်မှု၊ တည်ငြိမ်မှုနှင့် ရေရှည်တည်တံ့နိုင်မှုတို့ကို မြှင့်တင်နိုင်ရေးသည် ယနေ့ခေတ်စွမ်းအင်ကဏ္ဍ၏ အဓိကဦးတည်ချက်တစ်ရပ် ဖြစ်လာခဲ့ပါသည်။
ကမ္ဘာတစ်ဝန်းတွင် လူဦးရေတိုးပွားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးချဲ့လာခြင်း၊ လျှပ်စစ်မော်တော်ယာဉ် (EVs) အသုံးပြုမှုမြင့်တက်လာခြင်းနှင့် AI နည်းပညာ ဖွံ့ဖြိုးလာမှုနှင့်အတူ ဒေတာစင်တာများကဲ့သို့ လျှပ်စစ်ဓာတ်အား အလွန်လိုအပ်သောလုပ်ငန်းများ ပိုမိုများပြားလာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည် နှစ်စဉ်တိုးတက်လျက်ရှိပါသည်။
တစ်ဖက်တွင်လည်း ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် သန့်ရှင်းသောစွမ်းအင်သို့ ကူးပြောင်း ရေးမူဝါဒများအရ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်နှင့် အခြားပြန်ပြည့်မြဲစွမ်းအင်များကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာကြသည်။ ယင်းအခြေအနေများသည် လျှပ်စစ်ဓာတ်အား ကွန်ရက်များ အတွက် လိုအပ်ချက်အသစ်များနှင့် စိန်ခေါ်မှုအသစ်များကို တစ်ပြိုင်နက်တည်း ဖြစ်ပေါ်စေလျက်ရှိပါ သည်။
သမားရိုးကျ လျှပ်စစ်ဓာတ်အားလိုင်းများ ဆိုသည်မှာ ဗဟိုပြုထားသည့် ဓာတ်အားပေးစက်ရုံကြီးများ (ဥပမာ - ရေအားလျှပ်စစ်စက်ရုံများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးသုံးစက်ရုံကြီးများ၊ နျူကလီးယားဓာတ်အားပေးစက်ရုံကြီးများ)မှ ထုတ်လုပ်ပြီး မြို့ပြနှင့် ကျေးရွာများရှိ သုံးစွဲသူ များဆီသို့ တာဝါတိုင်များနှင့် ကြိုးလိုင်းများမှတစ်ဆင့် ပို့လွှတ်ဖြန့်ဖြူးပေးသည့် သမားရိုးကျ လျှပ်စစ်ဓာတ်အားကွန်ရက်စနစ် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တစ်ဖက်သတ်စီးဆင်းမှုဟု ခေါ်ဆို နိုင်သည့် ဓာတ်အားပေးစက်ရုံများမှ သုံးစွဲသူဆီသို့ လျှပ်စစ်မီးကို တစ်ဖက်သတ် ပို့လွှတ်ပေးခြင်းဖြစ် ပြီး သုံးစွဲသူများဘက်မှ မီးသုံးစွဲမှုအခြေအနေများကို စက်ရုံများက ပြန်လည်မသိရှိနိုင်ပါ။
ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို ပို့လွှတ်သည့်နေရာမှသာ ထိန်းချုပ်စီမံနိုင်ခြင်းဖြစ်ပါသည်။ ဓာတ်အားလိုင်းများ ပျက်စီးခြင်း သို့မဟုတ် ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လာသည့်အခါ သုံးစွဲသူ များ၏သတင်းပို့ချက် သို့မဟုတ် ဝန်ထမ်းများ သွားရောက်စစ်ဆေးမှသာသိရှိနိုင်ပြီး ပြုပြင်ရန် အချိန်ကြန့်ကြာတတ်ပါသည်။
စမတ်ဂရစ် (Smart Grid) ဆိုသည်မှာ ခေတ်မီသတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ၊ အလိုအလျောက်ထိန်းချုပ်ရေးနည်းပညာ၊ အင်တာနက်ချိတ်ဆက်ထားသော ပစ္စည်းကိရိယာ များကွန်ရက်၊ ဉာဏ်ရည်မြင့် အာရုံခံကိရိယာများနှင့် ဒီဂျစ်တယ်ဆက်သွယ်ရေးကွန်ရက်များကို ပေါင်းစပ်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သုံးစွဲခြင်းလုပ်ငန်းစဉ်တစ်လျှောက်လုံးကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်၊ ထိန်းချုပ်၊ ခွဲခြမ်းစိတ်ဖြာကာ စီမံခန့်ခွဲနိုင်သည့် ခေတ်မီလျှပ်စစ်ဓာတ်အား ကွန်ရက်စနစ် တစ်ခုဖြစ်ပါသည်။ Smart Grid တွင် လျှပ်စစ်စွမ်းအင်နှင့်ဆက်စပ်လျက်ရှိသည့် သတင်းအချက်အလက်များကိုလည်း နှစ်လမ်းသွားဖြင့် အပြန်အလှန် ချိတ်ဆက်ဖလှယ်နိုင်သောကြောင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးသောအဖွဲ့များနှင့် သုံးစွဲသူများအကြား ချိတ်ဆက်ဆောင်ရွက်မှုကို ပိုမိုထိရောက် စေရုံသာမက လျှပ်စစ်ဓာတ်အားကို ပိုမိုဘေးကင်း လုံခြုံစွာ၊ စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ဖြန့်ဝေပေး နိုင်ပါသည်။
စမတ်ဂရစ် ပေါ်ပေါက်လာပုံမှာ သမားရိုးကျ လျှပ်စစ်ဓာတ်အားလိုင်းများကို ၁၉ ရာစု - ၂၀ ရာစု ကတည်းကစတင်ခဲ့ပြီး ၂၀ ရာစုနှောင်းပိုင်းသို့ ရောက်လာသောအခါ လူဦးရေတိုးပွားလာခြင်း၊ စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းတို့ကြောင့် သမားရိုးကျဓာတ်အားလိုင်းများသည် ဝန်အားမနိုင်တော့ဘဲ ဓာတ်အားပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်လာပြီး စွမ်းအင်ဆုံးရှုံးမှုများလည်း ကြီးမားလာခဲ့ပါသည်။
၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် ကွန်ပျူတာနည်းပညာနှင့် အီလက်ထရောနစ် နည်းပညာများဖွံ့ဖြိုးလာသည်နှင့်အမျှ ဓာတ်အား ပေးစက်ရုံများတွင် SCADA (Supervisory Control and Data Acquisition) ဟုခေါ်သော အဝေးမှ ကြည့်ရှုကွပ်ကဲနိုင်သည့် အလိုအလျောက် ထိန်းချုပ်မှုစနစ်များကို စတင်အသုံးပြုလာကြသည်။
ဤအချက်သည် လျှပ်စစ်ကွန်ရက်ကို ဒီဂျစ်တယ်စနစ်ဆီသို့ ကူးပြောင်းစေသည့် ပထမဆုံး သောခြေလှမ်းတစ်ရပ်ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ် ဝန်းကျင်တွင် အမေရိကန်နိုင်ငံ၌ လျှပ်စစ်ကွန်ရက် များ၏ အားနည်းချက်ကြောင့် ကြီးမားသော ဓာတ်အားပြတ်တောက်မှုကြီးများ ဖြစ်ပွားခဲ့ပြီးနောက် လျှပ်စစ်စွမ်းအင်လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှုများမြင့်တက်လာခဲ့သည်။ ဤပြဿနာများ ကို ဖြေရှင်းရန်အတွက် သတင်းအချက်အလက် နည်းပညာ (IT) နှင့် လျှပ်စစ်ဓာတ်အားလိုင်းများကို အလုံးစုံပေါင်းစပ်ပေးမည့် "Smart Grid" (ဉာဏ်ရည်မြင့်လျှပ်စစ်ဓာတ်အားကွန်ရက်) ဟူသော ဝေါဟာရနှင့် အယူအဆကို အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် တရားဝင်စတင်ဖော်ထုတ်ခဲ့ကြပြီး ယခုအချိန်တွင် ဖွံ့ဖြိုးပြီးကမ္ဘာ့နိုင်ငံအများအပြား၌ တွင်တွင်ကျယ်ကျယ် အသုံးပြုဆောင်ရွက်လျက် ရှိပါသည်။
Smart Grid ၏ အကျိုးကျေးဇူး - လျှပ်စစ် စွမ်းအင်များ အလဟဿ ဆုံးရှုံးမှုမရှိစေရန် စမတ် ဂရစ်စနစ်သည် အချိန်နှင့်တစ်ပြေးညီ ထိန်းချုပ်ပေးနိုင်ပါသည်။ ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကို လိုအပ်ချက်နှင့်အညီ တိကျစွာချိန်ညှိပေးနိုင်သောကြောင့် စွမ်းအင်ကို ထိရောက်စွာအသုံးချနိုင်မှုကို အမြင့်မားဆုံးရရှိစေနိုင်ပါသည်။
ဓာတ်အားလိုင်းများတွင် ချို့ယွင်းချက် သို့မဟုတ် ဓာတ်အားပြတ်တောက်မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Sensor များနှင့် Monitoring System များကို အသုံးပြုထားသဖြင့် Control Center မှ ချက်ချင်းသိရှိနိုင်ပြီး ပြုပြင်ထိန်းသိမ်းရေး အဖွဲ့များကို အချိန်မီစေလွှတ်နိုင်သည်။ လူအင်အား သို့မဟုတ် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုဘဲ ပျက်စီးနေသည့်လမ်းကြောင်းကို အလိုအလျောက် ဖြတ်တောက်ကာ အခြားလမ်းကြောင်းမှတစ်ဆင့် ဓာတ်အား ဆက်လက်ပို့လွှတ်ပေးနိုင်ခြင်းကြောင့် ဓာတ်အားပြတ်တောက်ချိန်ကို လျှော့ချနိုင်ပြီး ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်နိုင်သည်။
နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်ကဲ့သို့သော ရာသီဥတုအပေါ်မူတည်ပြီး ပြောင်းလဲမှု ရှိသည့် သဘာဝစွမ်းအင်များကို သမားရိုးကျဓာတ်အား ကွန်ရက်စနစ်ထဲသို့ တိုက်ရိုက်ထည့်သွင်းရန် ခက်ခဲ သော်လည်း စမတ်ဂရစ်စနစ်က ၎င်းတို့ကို တည်ငြိမ်စွာ ရောစပ်ပေးနိုင်ပါသည်။ ယင်းက နိုင်ငံတော်၏ စွမ်းအင်အရင်းအမြစ်များကို ပိုမိုကွဲပြားစုံလင်လာစေပြီး ရေရှည်တည်တံ့သည့် စွမ်းအင်လုံခြုံမှုကို တည်ဆောက်ပေးနိုင်ပါသည်။ ထို့ပြင် သုံးစွဲသူများသည် မိမိတို့၏ ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး မလိုအပ်သော သုံးစွဲမှုများကို လျှော့ချနိုင်သည်။
ယင်းကြောင့် လစဉ် လျှပ်စစ်မီတာခ ကုန်ကျစရိတ်များကို သက်သာစေပါသည်။ Smart Grid ဖော်ဆောင်ရန်အတွက် အဓိကကျသော အစိတ်အပိုင်းတစ်ခုမှာ Smart Meter များဖြစ်သည်။ Smart Meter များသည် သုံးစွဲသူများ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အချိန်နှင့်တစ်ပြေးညီ တိုင်းတာပေးနိုင်ပြီး ဓာတ်အားအသုံးပြုမှုအခြေအနေများကို အလွယ်တကူ သိရှိနိုင်စေသည်။ ထို့အပြင် ဓာတ်အားပေးရေး ကုမ္ပဏီများအနေဖြင့်လည်း ဓာတ်အားလိုအပ်ချက်များကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ပြီး ဓာတ်အား ထုတ်လုပ်မှုကို ထိရောက်စွာစီမံခန့်ခွဲနိုင်သည်။
Advanced Metering Infrastructure (AMI) စနစ်သည် Smart Grid ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံ အုတ်မြစ်ဖြစ်ပြီး ၎င်း၏ အဓိကအင်္ဂါရပ်မှာ Automated Meter Reading စနစ်ဖြစ်သည်။ ယခင်က လစဉ်မီတာဖတ်ခြင်းဖြင့်သာ သိရှိနိုင်ခဲ့သည့် လျှပ်စစ်အသုံးပြုမှုကို ယခုအခါ အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်နိုင်လာသည်။ Smart Meter များမှရရှိသော အချက်အလက်များကိုအသုံးပြု၍ ဝန်ဆောင်မှု ဆောင်ရွက်ပေးသော ကုမ္ပဏီများသည် အချိန်နှင့်တစ်ပြေးညီ ကောက်ခံထားသောဒေတာ (Real-time Data) နှင့် ယခင်ရှိနေသောအချက် အလက်များ (Historical Data)ကို နှိုင်းယှဉ်ခွဲခြမ်း နိုင်ပြီး ဝန်အားသုံးစွဲမှုပုံစံများ (Load Pattern) ကို ပိုမိုနားလည်နိုင်သည်။
ထို့ပြင် အချိန်မရွေးနှုန်းထားတူ (Flat Rate) ကောက်ခံခြင်းမဟုတ်ဘဲ လျှပ်စစ်ဓာတ်အားလိုအပ် ချက်အများဆုံးအချိန်နှင့် နည်းပါးချိန်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျ ပြုလုပ်ကောက်ခံခြင်း (Dynamic Pricing) စနစ်များကို အသုံးပြု၍ ဓာတ်အားအမြင့်ဆုံးသုံးစွဲမှုကို လျှော့ချနိုင်ပြီး "အချိန်ပေါ်မူတည်၍ ဓာတ်အားခနှုန်းထားကို အတက်အကျ ပြောင်းလဲကောက်ခံသောစနစ် (Time-of-Use Rate)" များဖြင့် စွမ်းအင်သုံးစွဲမှု အလေ့အထများကို လွှမ်းမိုးပြောင်းလဲနိုင်ပါသည်။
အနာဂတ်မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍသစ်ဆီသို့ - လက်ရှိမြန်မာနိုင်ငံတွင် သမားရိုးကျ ဓာတ်အားကွန်ရက်စနစ်များ၏ အားနည်းချက် ကြောင့် လျှပ်စစ်ဓာတ်အားပို့လွှတ်မှုနှင့် ဖြန့်ဖြူးရာ လမ်းတစ်လျှောက် လျှပ်စစ်စွမ်းအင်များ အလဟဿ ဆုံးရှုံးနစ်နာမှုသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ တွင် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်တိုးတက်လာ ခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် Renewable Energy စီမံကိန်းများ တိုးချဲ့လာခြင်းတို့ကြောင့် Smart Grid နည်းပညာသည် နိုင်ငံတော်၏အနာဂတ် ဓာတ်အားစနစ်အတွက် အကောင်းဆုံးသော အားကိုးရာစနစ်တစ်ခုဖြစ်ပါသည်။
လက်ရှိတွင် Smart Meter များ စတင်တပ်ဆင်ခြင်း၊ AMI System များ တိုးချဲ့တည်ဆောက်ခြင်း၊ SCADA နှင့် Distribution Automation စနစ်များ အဆင့်မြှင့်တင်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းလုံးအတွက် အပြည့်အဝ Digital Grid အဖြစ် ပြောင်းလဲနိုင်ရန် Communication Network များ၊ Data Concen-trator Unit (DCU) များ၊ Meter Data Management System (MDMS) များနှင့် Control Center များကို အဆင့်ဆင့်တိုးချဲ့တည်ဆောက်သွားရန် စီမံနေပြီဖြစ်ပါသည်။
DCU များ တိုးချဲ့ဆောင်ရွက်မှုများကြောင့် Smart မီတာနှင့် DCU တို့ချိတ်ဆက်လာနိုင်ပြီး AMI စနစ်သို့ဝင်ရောက်ကာ Smart မီတာများနှင့် ဓာတ်အားသုံးစွဲသူများ၏ အချက်အလက်များရရှိပြီး ဓာတ်အားကွန်ရက်ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခြင်း၊ DCU ကွန်ရက်နှင့် အလှမ်းကွာဝေး သည့် Analog မီတာများကို စောင့်ကြည့်စစ်ဆေးနိုင်သည့် Digital စနစ်များ ဖော်ဆောင်ခြင်း၊ မတူညီ သောစနစ်များကို တစ်ခုနှင့်တစ်ခု ချို့ယွင်းချက်မရှိဘဲ အချက်အလက်များ ဖလှယ်နိုင်ရန်နှင့် အတူတကွ တွဲဖက်လုပ်ဆောင်နိုင်ရန် အပြန်အလှန် ချိတ်ဆက်အသုံးပြုနိုင်ရေးကို စီစဉ်လျက်ရှိခြင်း၊ မြို့ပြဒေသများသာမက ကျေးလက်ဒေသများအထိ ဒီဂျစ်တယ်လျှပ်စစ်ဝန်ဆောင်မှုများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ခြင်းဖြင့် လျှပ်စစ်ဓာတ်အားစနစ်ကို ခေတ်မီဒီဂျစ်တယ်စနစ်သို့ အဆင့်လိုက်ကူးပြောင်း ရန် အလေးထားစီမံဆောင်ရွက်လျက်ရှိပါသည်။
လက်ရှိတွင် နေ့လယ်ပိုင်းရုံးလုပ်ငန်းများ ဆောင်ရွက်သည့်အချိန်များနှင့် ညနေပိုင်း သို့မဟုတ် လူတိုင်းအိမ်ပြန်ရောက်ပြီး လျှပ်စစ်ပစ္စည်းများ (ထမင်းပေါင်းအိုး၊ မီးဖို၊ အဝတ်လျှော်စက်စသည်တို့) ကို တစ်ပြိုင်နက်တည်း အများဆုံးအသုံးပြုကြသည့် အချိန်များတွင် ဓာတ်အားပေးစနစ်၌ ဝန်ပိမှုများပြား လာခြင်း (Peak Hours - ဓာတ်အားသုံးစွဲမှု အထွတ်အထိပ်အချိန်)၊ ညဉ့်နက်ပိုင်း သို့မဟုတ် နံနက် စောစောပိုင်းကဲ့သို့ လူအများ ဓာတ်အားသုံးစွဲမှု အလွန်နည်းပါးပြီး ဓာတ်အားပိုလျှံနေသည့်အချိန်များ (Off-Peak Hours - ဓာတ်အားသုံးစွဲမှုနည်းပါး သည့်အချိန်)တွင် လျှပ်စစ်ဓာတ်အား မတည်ငြိမ်မှုများဖြစ်ပေါ်လာပြီး ဓာတ်အားဖြတ်တောက်ရမှုများ၊ အသုံးပြုသည့် လျှပ်စစ်ပစ္စည်းဆုံးရှုံးပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိရာ ယင်းအခက်အခဲများကို လျော့ကျ သွားစေရန်အတွက် Digital နည်းပညာအသုံးပြုသည့် ပထမခြေလှမ်းကို မြန်မာ့လျှပ်စစ်ဓာတ်အားစနစ်အနေဖြင့် စတင်လျှောက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စက်ရုံများသည် ဝန်အားနည်းပါးသည့်အချိန်တွင် ရေကို စုဆောင်းထားရှိပြီး ဝန်အားများပြားသည့်အချိန်တွင် ဝင်ရောက်မောင်းနှင်ပေးရပါသည်။ မိုးရာသီတွင် ရေလှောင်တမံအသုံးပြုသည့် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများသည် အမြင့်ဆုံးဝန်အား (ဝန်အားပြည့်)ဖြင့် အချိန်ပြည့်မောင်းနှင်ပေးနေသည့်တိုင်အောင် ရေပိုလွှဲမှ ရေများပိုလျှံမှုကြောင့် စွမ်းအင်များ အလဟဿဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါသည်။
ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ကာ AMI စနစ်ကိုအသုံးပြု၍ နေ့လယ်ပိုင်း ဝန်အားသုံးစွဲမှုများပြားသည့် စက်မှုလုပ်ငန်းကြီး များကို ဓာတ်အားခလျှော့ချပေးပြီး ညပိုင်းအချိန်များသို့ ပြောင်းရွှေ့ဓာတ်အားသုံးစွဲနိုင်မည့် အစီအမံ ကို ၁၉-၈-၂၀၂၆ ရက်နေ့မှစတင်ဆောင်ရွက်ခဲ့ရာ အောက်ပါအကျိုးကျေးဇူးများရရှိခဲ့ပါသည်-
(၁) နေ့စဉ်တမံများတွင် ရေလျှံမှုကြောင့် ဖြစ်ပေါ်နေသည့် စွမ်းအင်ဆုံးရှုံးမှုများကို လျှပ်စစ် စွမ်းအင်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်သည့်အတွက် နိုင်ငံတော်အတွက် ဝင်ငွေတိုးတက် ရရှိလာခြင်း၊
(၂) အချို့သော စက်မှုလုပ်ငန်းကြီးများသည် ညအချိန်သို့ ပြောင်းရွှေ့လုပ်ငန်းဆောင်ရွက် ကြသဖြင့် နေ့လယ်ပိုင်း ဓာတ်အားသုံးစွဲလိုသည့် ပြည်သူများသို့ ပိုမို၍ဖြန့်ဖြူးပေးနိုင်ခြင်း၊
(၃) နေ့နှင့်ည ဝန်အားမျှတမှု ဖြစ်ပေါ်လာသဖြင့် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ် တည်ငြိမ်မှုရှိလာခြင်း၊
(၄) လုပ်ငန်းရှင်များအနေဖြင့် ချိုသာသော ဓာတ်အားခဖြင့် လုပ်ငန်းဆောင်ရွက်ရသဖြင့် ကုန်ထုတ်လုပ်မှုစရိတ်သက်သာပြီး ကုန်ပစ္စည်း ဈေးနှုန်းများကျဆင်းစေရန် အထောက်အကူ ပြုနိုင်ခြင်း။
ထို့ပြင် လူအများ ဓာတ်အားသုံးစွဲမှုအလွန် နည်းပါးပြီး ဓာတ်အားပေးစနစ်အတွင်း လျှပ်စစ် ဓာတ်အားပိုလျှံနေချိန်တွင် စွမ်းအင်များပြားစွာ သိုလှောင်နိုင်စွမ်းရှိသည့် ဘက်ထရီကြီးများကို လျှပ်စစ်မီးသုံး၍ အပြည့်အဝအားသွင်းခြင်း ပြုလုပ်ထား၍ လျှပ်စစ်မီးသုံးစွဲမှု အထွတ်အထိပ်ရောက်ပြီး ဓာတ်အားလိုအပ်ချိန် (သို့မဟုတ်) မီးဖြတ်ရတော့မည့်အချိန်များတွင် ဘက်ထရီများတွင် သိုလှောင် ထားသော လျှပ်စစ်စွမ်းအင်ကို အိမ်သုံး၊ ရုံးသုံး သို့မဟုတ် စက်ရုံသုံးစနစ်များဆီသို့ ပြန်လည် ထုတ်လွှတ်ပေးခြင်းဖြင့်လည်း ဓာတ်အားစနစ်အတွင်း ဓာတ်အားအလွန်အမင်းတောင်းဆိုမှု များပြားသည့် (Load Spike) အချိန်များအတွက် ဓာတ်အားပေးစနစ်တစ်ခုလုံး အလွန်အကျွံ ဝန်ပိ ခြင်းနှင့် ဓာတ်အားပြတ်တောက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ရန်လည်း စီမံဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာ လမ်းတစ်လျှောက် ဖြစ်ပေါ်တတ်သော နည်းပညာ ပိုင်းဆိုင်ရာ ဆုံးရှုံးမှုများနှင့် ခွင့်ပြုချက်မရှိဘဲ သုံးစွဲ ခြင်းကဲ့သို့သော လျှပ်စစ်ဆုံးရှုံးမှုများကို စမတ်ဂရစ် ၏ SCADA ဟုခေါ်သော အဝေးမှကြည့်ရှုကွပ်ကဲနိုင်သည့်စနစ်နှင့် အလိုအလျောက် ထိန်းချုပ်ကွပ်ကဲမှု စနစ်တို့ဖြင့် ချက်ချင်းဖော်ထုတ် တားဆီးနိုင်မည် ဖြစ်ပါသည်။
လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများနှင့် ဓာတ်အားပျောက်ဆုံးမှုများကို လုပ်ငန်းစဉ် တစ်လျှောက် စောင့်ကြပ်ကြည့်ရှုလာနိုင်၍ လျှပ်စစ် ကဏ္ဍတွင် ဝင်ငွေတိုးတက်ရရှိလာသဖြင့် တိုးချဲ့ တည်ဆောက်ရမည့် စီမံကိန်းလုပ်ငန်းသစ်များ ပိုမိုအားကောင်းလာစေပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု များကို ဖိတ်ခေါ်ရာ၌လည်း အထောက်အကူဖြစ်လာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဓာတ်အားပေးစက်ရုံ များမှ ထုတ်လုပ်လိုက်သည့်စွမ်းအင်များကို အလဟဿမဖြစ်စေဘဲ သုံးစွဲသူပြည်သူများထံသို့ အပြည့်အဝ ပို့လွှတ်ပေးနိုင်မည်ဖြစ်ကာ နိုင်ငံတော်အတွက် ကြီးမားသောစွမ်းအင်နှင့် စီးပွားရေးတန်ဖိုးများကို ပြန်လည်ဆွတ်ခူးပေးနိုင်မည်ဖြစ်ပြီး သားရွှေအိုးထမ်းလာသည်ကို တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကြီး၏ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ရာတွင် လိုက်ပါသွားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအနေဖြင့်လည်း ဘယ်လာရုစ်သမ္မတနိုင်ငံ စွမ်းအင်ဝန်ကြီးနှင့်တွေ့ဆုံရာတွင် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် ပို့လွှတ်မှုစနစ်တကျ ထိန်းချုပ်ကွပ်ကဲနိုင်သည့် Smart Power Generation နှင့် Smart Grid ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာများ အကူအညီပေးရေး၊ ရင်းနှီးမြှုပ်နှံ၍ ပူးပေါင်းဆောင်ရွက်ရေးနှင့် ယင်းနယ်ပယ်တွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး လေ့ကျင့်ပေးရန်အတွက် ဆွေးနွေးနိုင်ခဲ့သဖြင့် နိုင်ငံတော်၏လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသည့် အထောက်အပံ့ဖြစ်လာမည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် လျှပ်စစ်မီးဟူသည် ခေတ်မီလူ့အဖွဲ့အစည်းတစ်ခု၏ အသက်သွေးကြော သာမက ရွှေပြည်မြေ၏ တိုးတက်မှုကိုတိုင်းတာသည့် အဓိကမဏ္ဍိုင်တစ်ခုလည်း ဖြစ်ပါသည်။ နှစ်ကာလ ကြာမြင့်ခဲ့ပြီဖြစ်သော သမားရိုးကျဓာတ်အားလိုင်းများ၏ ကန့်သတ်ချက်များနှင့် ဆုံးရှုံးမှုများကို ကျော်လွန်၍ ဉာဏ်ရည်မြင့် စမတ်ဂရစ် (Smart Grid) စနစ်ဆီသို့ ကူးပြောင်းခြင်းသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအတွက် မလွဲမသွေထမ်းဆောင် ရမည့် သမိုင်းပေးတာဝန်တစ်ရပ်ပင် ဖြစ်ပါသည်။ ယင်းတာဝန်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တာဝန်ယူ၍ ဝန်ထမ်းများအားလုံး ညီညွတ်တက်ကြွစွာ ထမ်းဆောင်နေပြီဖြစ်ပါသည်။
မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍသစ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် ခြေလှမ်း တိုင်းသည် ပြည်သူ့အတွက်ဖြစ်စေရမည်ဟု စိတ်ထားမွန်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ရာ စမတ်ဂရစ်ရင်ခုန်သံနှင့်အတူ မကြာမီလင်းလက်လာတော့မည့် မြန်မာ့စွမ်းအင်အနာဂတ်ကို ကြိုတင် ခံစားပီတိပွားမိပါသည်။ ။


