အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး ဦးထွန်းရီ(ထွန်းရီ - ရှေးဟောင်းသုတေသီ) သည် ဩဂုတ်၂၅ ရက်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဆရာကြီး ဦးထွန်းရီကို အဘ ဦးသိန်း၊ အမိ ဒေါ်စောခင်တို့က ၁၉၃၄ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့၌ မွေးဖွားခဲ့သည်။ အသက် ၁၉ နှစ်တွင် တန်းမြင့်ကျောင်းထွက် စာမေးပွဲအောင်မြင်ပြီး မူလတန်းကျောင်းဆရာအဖြစ် နှစ်နှစ်ခန့် လုပ်ကိုင်ခဲ့သည်။
မြန်မာအမျိုးသားဘဏ်တွင် အငယ်တန်းစာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ရင်း ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့ရာ ၁၉၆၀ ပြည့်နှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိသည်။ ထို့နောက် ဘဏ်အရာရှိအဖြစ်မှ ဒုတိယမန်နေဂျာအထိ အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ - ၁၉၈၆ ခုနှစ်တွင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် ညွှန်ကြားရေးဌာန မန်နေဂျာအဖြစ် ပြောင်းရွှေ့တာဝန် ထမ်းဆောင်သည်။ ထို့နောက် ၁၉၉၂ - ၁၉၉၃ ခုနှစ်တွင် တာဝန်မှ အငြိမ်းစားယူပြီး ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။
ဆရာဦးထွန်းရီသည် ဝိဇ္ဇာဘွဲ့ရပြီးနောက် တိမ်မြုပ်နေသည့် မြန်မာရှေးဟောင်း စာပေများကို ရှာဖွေစုဆောင်းပြီး မူပွားစာတွဲပေါင်း ၂၅၂ တွဲ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ ပုံနှိပ်မူစာအုပ်အဖြစ် အချုပ်တန်းဆရာဖေ၏ ကဗျာပေါင်းချုပ် (၁၉၇၀ ပြည့်နှစ်)၊ မင်းနှစ်မင်း စာဆိုနှစ်စုံတွဲ ကဗျာပေါင်းချုပ် (၁၉၇၁ ခုနှစ်)၊ စလေဦးပုညဘဝနှင့်စာပေ၊ ရှေးကစာပေဆုများစာအုပ် (၁၉၇၂ ခုနှစ်)၊ စာပေဂီတနှင့် ဝန်ကြီးပဒေသရာဇာ၊ မင်းလက်ဝဲနော်ရထာ၊ ရှင်မဟာသီလဝံသစာအုပ် (၁၉၇၄ ခုနှစ်)၊ မြို့ရန်ကုန်ဘုရားစုံသမိုင်းစာအုပ် (၁၉၇၆ ခုနှစ်)၊ ပြည်သူ့စာဆို မောင်းထောင်ဦးကျော်လှ သူ့ခေတ် သူ့ဘဝ သူ့စာ စာအုပ် (၁၉၇၇ ခုနှစ်)၊ မြန်မာ့စာပေအမြုတေများနှင့် စာဆိုတော်ကြီးများ စာအုပ်တို့ကို ပြုစုထုတ်ဝေခဲ့သည်။
ဂျပန်နိုင်ငံတွင် Visiting Researcher/ Research Fellow အဖြစ် ၁၀ နှစ်ကျော် ဆောင်ရွက်ခဲ့ပြီး သုတေသနစာအုပ် (အင်္ဂလိပ် - မြန်မာ) စာအုပ်များကို ပြုစုထုတ်ဝေသည်။ ဆရာကြီး ဦးထွန်းရီသည် ၂၀၀၇ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၅ ခုနှစ်တို့တွင် ထွန်းဖောင်ဒေးရှင်းစာပေဆုများ ရရှိခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာ ဆုချီးမြှင့်ခံခဲ့ရသည်။ ဆရာကြီး ဦးထွန်းရီသည် မိဘဂုဏ်စာအုပ်တိုက်ကို တည်ထောင်၍ မြန်မာမှုနှင့် ရှေးဟောင်းကျမ်းစာများ စုစည်းပြုစု ပုံနှိပ်ထုတ်ဝေမှုများ ပြုခဲ့သည်။
ဆရာကြီး ဦးထွန်းရီသည် မြန်မာနိုင်ငံစာရေးဆရာအသင်း သက်ကြီးကန်တော့ခံပညာရှင်၊ သာကေတမြို့နယ် စာရေးဆရာ အသင်းနာယက၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေး အသင်းနာယက၊ မြန်မာ့စွယ်စုံကျမ်း ပြန်လည်ပြုစုထုတ်ဝေရေးပညာရှင်အဖွဲ့ဝင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပေပုရပိုက် စုဆောင်းထိန်းသိမ်းရေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ မင်းမဟော်၊ မင်းမဟော်ထွန်း၊ မောင်ကောက်သင်း စသည့် ကလောင်ခွဲများဖြင့် စာပေများကို ရေးသားခဲ့သည်။ ဆရာဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်းသုတေသီ) သည် အမှတ် ၅၆ (ခ)၊ ၁၅ လမ်း၊ (၄)ရပ်ကွက်၊ သာကေတမြို့နယ်၌ နေထိုင်ရင်း ၂၅-၈-၂၀၂၆ ရက်တွင် ကွယ်လွန်ခဲ့သည်။ ကွန်လွန်ချိန်တွင် အသက် (၉၃) နှစ်ရှိပြီဖြစ်သည်။
ကြေးမုံ


