နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများ ပြုပြင်ပြီးစီးမှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ဖလမ်း ဩဂုတ် ၂၄

 

ဆောက်လုပ်‌‌ရေးဝန်ကြီးဌာန ဖလမ်းခရိုင် လမ်းဦးစီးဌာနက ကလေး - ဖလမ်း - ဟားခါးလမ်း ကီလိုမီတာ (၁၂၇-၁၂၈) အကြား တောင်ပြိုမြေစာများအား ယန္တရားကြီးများဖြင့် ဖယ်ရှားပြုပြင်လျက်ရှိပြီး ကလေး -  ဖလမ်း -  ဟားခါးလမ်း ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများကို ပြုပြင်လျက်ရှိရာ ကလေး- ဖလမ်း - ဟားခါးလမ်း ကီလိုမီတာ (၁၈၂-၁၉၇)ကြား ပျက်စီးနေသည့် လမ်းပိုင်းများကို လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ (၁၀) က လည်း ကောင်း၊ ကီလိုမီတာ (၁၄၇-၁၅၁)ကြား မြေစာပြိုကျနေမှုများကို ဖယ်ရှားခြင်းနှင့် လမ်းပြုပြင်ခြင်းများကို ဖလမ်းခရိုင်လမ်းဦးစီးဌာနကလည်းကောင်း ဆောင်ရွက်ပြီးဖြစ်သည်။

 

ထိုသို့ ကလေး - ဖလမ်း - ဟားခါး လမ်းပိုင်းနှင့် ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများပြုပြင်နေမှု၊ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည် ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်း၊ မိုက္ကရိုဝေ့ စခန်းရုံးနှင့် အိမ်ရာအဆောက်အအုံ ပြုပြင်နေမှုနှင့် တပ်မတော်က MEC TEL ဆက်သွယ်ရေးလိုင်း တပ်ဆင်ကာ ဒေသခံများအား ဆက်သွယ်ရေး ဝန်‌ဆောင်မှုပေးနေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ စက်ရုံနှင့် ဂိုဒေါင်ပြုပြင်နေမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ခရိုင်လမ်းဦးစီးရုံး အဆောက်အအုံ ပြုပြင်နေမှုနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းသားအိပ်ဆောင်များ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့တွင် တီးတိန်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း‌ကျောင်း ပစ္စည်းဂိုဒေါင်ပြုပြင်ပြီးစီးမှု၊ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ဘုန်းတော်ကြီးသင် ပညာရေး‌ကျောင်းရှိ ကျောင်းဆောင်၊ စားရိပ်သာပြုပြင်ခြင်းနှင့် ဝန်ထမ်းအိမ်ရာပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တွန်းဇံမြို့ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူးသည် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ မီးသတ်ရေကန်နှင့် လူငယ်သင်တန်းကျောင်း နည်းပြအိပ်ဆောင် ပြုပြင်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်