ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် ၉၅၉၃ ဒသမ ၅ သိန်းတန်ဖိုးနှင့် ဗဟန်းမြို့နယ်၌ ငွေကျပ် သိန်း ၅၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ဩဂုတ် ၂၄

 

ချမ်းအေးသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့၌ ငွေကျပ် ၉၅၉၃ ဒသမ ၅ သိန်းတန်ဖိုးနှင့် ဗဟန်းမြို့နယ်၌ ငွေကျပ် သိန်း ၅၇၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိပြီး တရားခံများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 

 

ဖြစ်စဉ်မှာ ဩဂုတ် ၁၉ ရက် နံနက် ၁၀ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်တွင် အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်ကွက်နေ စိုးအောင်နိုင် (၄၀) နှစ်နှင့် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကွက်သစ်နေ မစန်းစန်းဝင်း (ခ) စန်းသော်တာ (၄၅) နှစ်တို့ နှစ်ဦးထံမှ ဘိန်းဖြူ ၁ ဒသမ ၂၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၄၂၃ ဒသမ ၅ သိန်း) နှင့် TOYOTA COROLLA ယာဉ်တစ်စီး၊ HONDA CLICK ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၁၁ နာရီတွင် ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ရပ်ကွက်တွင် သိမ်းဆည်းရမိ ဘိန်းဖြူများရောင်းချပေးသူ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက်နေ မြထူး (၃၀) နှစ်အား ဘိန်းဆီခဲ ၂ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၇၅ သိန်း) နှင့် CLICK ဆိုင်ကယ် တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း။

 

၎င်း၏ ဖော်ထုတ်ချက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်ရှိ တည်းခိုခန်းတွင် ဖယ်ခုံမြို့နယ် ပီကင်းရွာနေ အီညားရှို့ (၃၉) နှစ်နှင့် ဖယ်ခုံမြို့နယ် စလင်းမိုင်းငံရွာနေ အန်တောမြို့ (၂၉) နှစ်တို့ကို TOYOTA HILUX SURF ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိပြီး စစ်ဆေးဖော်ထုတ်ချက်အရ ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်ရှိ နေအိမ်မှ ဘိန်းဖြူ ၁၁ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၂၅၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၂၇၅၀)၊ စိတ်ကြွဆေးပြား ၃၆၆၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၁၅၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၄၉၀)၊ ဘိန်းစိမ်း ၄၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၈၀) နှင့် ဘိန်းဆီခဲ ၁၂ ဒသမ ၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၃၇၅ သိန်း) သိမ်းဆည်းရမိသဖြင့် စိုးအောင်နိုင်၊ မစန်းစန်းဝင်း (ခ) စန်းသော်တာ၊ မြထူး၊ အီညားရှို့နှင့် အန်တောမြို့တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ထို့အတူ ဩဂုတ် ၂၂ ရက် ည ၁၀ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက် ဆရာစံလမ်းတွင် ကာလိမြို့ အမှတ် (၅) ရပ်ကွက်နေ စိုင်းဟန်လှိုင်း (၃၁) နှစ် မောင်းနှင်လာသော SUZUKI ERTIGA အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း ၂ ဒသမ ၅ ကီလို (တစ်ကီလိုလျှင်ငွေကျပ် သိန်း ၆၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၁၅၀၀)၊ အက်တက်စီ ဆေးပြား ၁၀၀၀ (တစ်ပြားလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၅၀၀)၊ HAPPYWATER ၅ ဒသမ ၇၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၆၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၃၄၅၀) နှင့် HAPPY WATER ပါရှိသည့် VAPE ခေါင်း အခု ၂၅၀ (တစ်ခုလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ်သိန်း ၂၅၀) ကို သိမ်းဆည်းရမိသဖြင့် စိုင်းဟန်လှိုင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

သတင်းစဉ်