ဝယ်လင်တန် ဩဂုတ် ၂၄
နယူးဇီလန်အစိုးရသည် နိုင်ငံအတွင်းရှိ အသက် ၁၆ နှစ်အောက်ရှိသူများအား ဆိုရှယ်မီဒီယာသုံးစွဲခွင့် ပိတ်ပင်မည့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ယခုဆောင်ရွက်မည့် အွန်လိုင်းဘေးကင်းရေးဥပဒေအရ ဆိုရှယ်မီဒီယာပလက်ဖောင်းများဖြစ်သည့် အင်စတာဂရမ်၊ တစ်တော့ခ်၊ စနတ်ချက်နှင့် ဖေ့ဘွတ်ခ်တို့အနေဖြင့် သုံးစွဲသူများအား အသက် ၁၆ နှစ်အောက်ဖြစ်ကြောင်း ၎င်းတို့ဖွင့်လှစ်ထားသည့် အကောင့်ပါအချက်အလက်များ၊ မျက်နှာပြင်ဖတ် နည်းပညာအပါအဝင် တရားဝင်အချက်အလက်များ အသုံးပြု၍ စိစစ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဥပဒေအရ ဆိုရှယ်မီဒီယာပလက်ဖောင်းများအနေဖြင့် ၎င်းတို့၏ စာမျက်နှာများအားသုံးစွဲနေသည့်ကလေးများ အွန်လိုင်းတွင်ကြုံတွေ့နေရသည့် အန္တရာယ်များကို လျှော့ချပေးရေးအတွက် တာဝန်ရှိသည်။
အထက်ပါစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်သည့်လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ ဝင်ငွေမှ ၁၀ ရာခိုင်နှုန်းကို ဒဏ်ကြေးအဖြစ် ပေးရမည်ဖြစ်ပြီး ယခုစည်းမျဉ်းအား ဉာဏ်ရည်တုနည်းပညာသုံး ပလက်ဖောင်းများကလည်း လိုက်နာဆောင်ရွက်ရမည်ဟု သိရသည်။
ယခုဥပဒေအရ ဆိုရှယ်မီဒီယာများအား စစ်ဆေးရန် ပြည်ထဲရေးဝန်ကြီးဌာနက အွန်လိုင်းဘေးကင်းရေး စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဖြစ်သည်။
ဆိုရှယ်မီဒီယာပလက်ဖောင်းများသည် အသက် ၁၆ နှစ်အောက်ရှိသူများအတွက် မသင့်လျော်သည့် ဖော်ပြချက်များဖော်ပြနေကာ နည်းပညာအပေါ် အလွန်အကျွံစွဲလမ်းမှုနှင့် စွဲလမ်းမှုကြောင့် ဖြစ်လာသည့် ဖိအားများရှိနေပြီး ကျန်းမာရေးနှင့် ပညာရေးကို ထိခိုက်စေကြောင်း နယူးဇီလန်ဝန်ကြီးချုပ် ခရစ်စတိုဖာလူဇွန်က ပြောကြားသည်။
ယခုပြဋ္ဌာန်းမည့် ဥပဒေအရ ဆိုရှယ်မီဒီယာလုပ်ငန်းများအနေဖြင့် အွန်လိုင်းသုံးစွဲသူကလေးများ အား ကာကွယ်မှုပေးရန် တာဝန်ရှိသည်ဟု သတ်မှတ်ထားသော်လည်း အဆိုပါဥပဒေအရ အွန်လိုင်းသုံးစွဲသူ ကလေးများနှင့် အုပ်ထိန်းသူများအား အရေးယူဆောင်ရွက်မည်မဟုတ်ကြောင်း ပညာရေး ဝန်ကြီး အဲရက်ကာ စတန်းဖို့က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


