မြောက်ဥက္ကလာပမြို့နယ်၌ ရွှေကန်သာရောင်း၀ယ်ရေး သမဝါယမအသင်း နှစ်ပတ်လည် စည်းဝေး

ရန်ကုန် ဩဂုတ် ၂၄

 

ရန်ကုန်တိုင်းဒေသကြီးမြောက် ဥက္ကလာပမြို့နယ်အတွင်းရှိ ရွှေကန်သာ ရောင်းဝယ်ရေး သမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ဩဂုတ် ၁၉ ရက် နံနက်ပိုင်းက (ဋ)ရပ်ကွက် သာသနာ့ဗိမ္မာန်ဓမ္မာရုံ ၌ ပြုလုပ်သည်။

 

ဦးစွာ မြောက်ဥက္ကလာပမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကိုကိုဦးက အသင်းများအနေဖြင့် သမဝါယမအသင်းဥပဒေအရ အမှုဆောင် ရွေးချယ်တင်မြှောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနမှ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ အသင်းမှ အမှုဆောင်အဖွဲ့ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေး ရှင်းတမ်းများကို စာရင်းစစ် ဦးညိုဝင်းမောင်က ဖတ်ကြားတင်ပြပြီး အသင်းသားများ၏ အတည်ပြုချက်များရယူကာ အမှုဆောင် အဖွဲ့ဝင်သုံးဦးနှင့် အသင်းစာရင်းစစ် နှစ်ဦးတို့အား အမှုဆောင်သစ်များ အဖြစ် ပြန်လည်ရွေးချယ်ခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ပြန်/ဆက်)