(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဘားအံ ဩဂုတ် ၂၄

 

(၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကရင်ရိုးရာဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ လှေလှော် ပြိုင်ပွဲ၊ စက်ဘီးစီးပြိုင်ပွဲ၊ ဈေးရောင်းပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ MSME ထုတ်ကုန်ပြပွဲများ၊ One village One product ပြခန်းများ၊ သစ်သီးဝလံ ပန်းမန် ပြခန်းများ၊ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် အခြေခံ အဆောက်အအုံဖွင့်ပွဲများ၊ ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ပေးအပ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ ကျင်းပရေး စီမံခန့်ခွဲမှုဦးစီး ကော်မတီနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးမှ သိရသည်။

 

အဆိုပါ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြား၍ ပြည်နယ်ဝန်ကြီးများက နိုဝင်ဘာ ၇ ရက်တွင် ကျရောက် မည့် (၇၁)နှစ်မြောက် ကရင်ပြည်နယ်နေ့ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ အထောက်အကူပြု လုပ်ငန်းကော်မတီ အတွင်းရေးမှူးများက အခမ်းအနားပြင်ဆင်ရေး၊ ဖိတ်ကြားရေး၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပရေး၊ ကရင် ရိုးရာ ဒုံးအကအဖွဲ့များ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး၊ ဈေးဆိုင်ခန်းများ နေရာချထားရေး၊ ပြခန်းများ ခင်းကျင်းပြသရေး၊ ဆုများပေးအပ် ချီးမြှင့်ရေး၊ ပြည်နယ်နေ့အထိမ်းအမှတ် ပို့စကတ်၊ ပြက္ခဒိန်၊ မဂ္ဂဇင်းများ ထုတ်ဝေနိုင်ရေး၊ မှတ်တမ်းများ ထိန်းသိမ်းထားရှိရေး၊ ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေး ဆွေးနွေးတင်ပြကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများက ခရိုင်များ အလိုက် ကျေးရွာတစ်ရွာ ထုတ်ကုန် တစ်မျိုး ခင်းကျင်းပြသနိုင်ရေး၊ ဒုံးအကအဖွဲ့များနှင့် အားကစားသမားများ စေလွှတ်ယှဉ်ပြိုင်နိုင်ရေး ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)