အရှေ့အလယ်ပိုင်းအရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပန်ကြား

ပေကျင်း    ဩဂုတ်    ၂၄

လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်း ဒေသအခြေအနေသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသဖြင့် အရှေ့အလယ်ပိုင်း အရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် သက်ဆိုင်ရာ တာဝန်ရှိသည့်အဖွဲ့အစည်းများအား  တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ် ၂၄ ရက်တွင်  ပန်ကြားခဲ့သည်။

ကူဝိတ်နိုင်ငံ  နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်ဂျာရက်ဂျဗာအယ်လ်အာမက်အယ် ရှာဗတ်နှင့်  တွေ့ဆုံဆွေးနွေးစဉ်  ဝမ်က အထက်ပါအတိုင်း  ပြောကြားခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ကူဝိတ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို အရေးကြီးသည့် ကိစ္စအဖြစ်သတ်မှတ်ကြောင်းနှင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၅၅) နှစ်ပြည့်မြောက်သည့် ယခုနှစ်ကာလကို အခွင့်အလမ်းတစ်ခုအဖြစ်သတ်မှတ်၍  နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ခိုင်မာစေရေးအတွက်  ဆောင်ရွက်မည်ဖြစ်ကြောင်း ဝမ်ယိက  ပြောကြားသည်။ ကူဝိတ်နိုင်ငံတွင် တည်ရှိသည့် တရုတ်နိုင်ငံ၏ စီမံကိန်းများနှင့် အဆိုပါစီမံကိန်းများတွင် တာဝန်ထမ်းဆောင်သည့် တရုတ်နိုင်ငံသားများအား ကူဝိတ်နိုင်ငံက ကာကွယ်စောင့်ရှောက်မည်ဟု     ယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ ကူဝိတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို  ထိန်းသိမ်းစောင့်ရှောက်ရာတွင် တရုတ်နိုင်ငံက   ကာလရှည်ကြာ  ရပ်တည်ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ကူဝိတ်နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်ဂျာရက်ဂျဗာ အယ်လ်အာမက်အယ် ရှာဗတ်က   ပြောကြားသည်။

ကူဝိတ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုသာ ကျင့်သုံးမည်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် လုံခြုံရေးနှင့်တည်ငြိမ်မှုကို  ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံတကာ ရေလမ်းကြောင်းများ၏ လွတ်လပ်မှုနှင့် ဘေးကင်းမှုကို ကာကွယ်ရန်အတွက် ကူဝိတ်နိုင်ငံက တရုတ်နိုင်ငံနှင့်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း  ၎င်းက ပြောကြားသည်။     

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ