နေပြည်တော် ဩဂုတ် ၂၄
တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင် က အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ယနေ့အခမ်းအနားမှရရှိ လာသည့် အသိအမြင် ဗဟုသုတများကို မှတ်သားလိုက်နာ၍ မိမိမှ တစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိ အဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြရန်၊ အဂတိလိုက်စားမှုဖြစ်ပေါ် နိုင်သည့် အခြေအနေများကို သတိပြုရှောင်ရှားကြရန်၊ မသမာမှုများ၊ မသင့်လျော်သော အကျိုးခံစားခွင့်များနှင့် အဂတိလိုက်စားမှု ဆိုင်ရာ အပြုအမူများကိုတွေ့ရှိပါက သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများနှင့်အညီ တာဝန်ရှိသူများထံတင်ပြကြရန်နှင့် အဂတိ တရားကင်းရှင်းပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးပြုနိုင်မည့် ဝန်ထမ်းကောင်းများဖြစ် ကြစေရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များကို ရှင်းလင်း ပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးမြတ်မွန်က အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးနှင့် ညွှန်ကြားရေး မှူး ဦးဆန်းတင့်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ဆိုင်ရာများကို ဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် ကော်မရှင် အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦး သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit– CPU)များနှင့်တွေ့ဆုံပြီး တားဆီး ကာကွယ်ရေးအဖွဲ့များ လုပ်ငန်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်နှင့် အားနည်းချက်များကို သုံးသပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


