မင်းဘူး(စကု)မြို့နယ်၌ တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မင်းဘူး ဩဂုတ် ၂၄

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက ဦးဆောင်ပြီး လူထုလှုပ်ရှားမှုအသွင်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီ တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းက ရေမျက်-မောင်းမကန် ကျေးရွာချင်းဆက်လမ်းဘေးရှိ မိုင်တိုင်အမှတ် (၄) မိုင် (၂) ဖာလုံ၌ ကျင်းပသည်။

 

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက စိုက်ပျိုးပြီးအပင်များ အောင်မြင်ဖြစ်ထွန်းပြီး ရှင်သန်စေရန် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းကာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်ပျိုးပင်များကို တာဝန်ရှိသူများထံ၍ ပေးအပ်သည်။

 

ထို့နောက် တက်ရောက်လာကြသူများက တမာ၊ ထန်း၊ မန်ကျည်း၊ ဆီးဖြူ၊ သရက်၊ ရင်းမာ၊ ဖျောက်ဆိပ်၊ ညောင်ချဉ်၊ မဲဇလီ၊ ကုက္ကို၊ ပိတောက်၊ ဘောစကိုင်းနှင့် ဆီး စသည့် အရိပ်ရ ပျိုးပင်ပေါင်း ၁၀၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)