ပုသိမ် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေးသင့်ခဲ့ရသည့် ကျုံပျော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ရေဘေးသင့်ပြည်သူများအား ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းတွင် ခရိုင်စုပေါင်းရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံပြီး ရပ်ကွက်/ ကျေးရွာများ ရေဝင်ရောက်မှု၊ ရေရှောင်စခန်းများ ဖွင့်လှစ်ထားရှိမှု၊ သီးနှံများရေလွှမ်းနစ်မြုပ်မှု၊ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး ပစ္စည်းများ လှူဒါန်းမှု၊ ဌာနဆိုင်ရာရုံးများ ရွှေ့ပြောင်းထားရှိမှု၊ ကားလမ်း၊ ရထားလမ်းများ ရေကျော်မှုနှင့် ရေဘေးသင့် ပြည်သူများအတွက် ဆန်လိုအပ်မှု အခြေအနေများကို ဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ကျုံပျော်မြို့နယ် အားကစားခန်းမနှင့် မဏိရတနာရာမပရိယတ္တိ စာသင်တိုက်ရှိ ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေးစကား ပြောကြားပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ တိုင်းဦးစီးမှူး၏ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှုကို ကြည့်ရှုအားပေးကာ ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ ကျုံပျော်မြို့အဝင် မိုင်တိုင်အမှတ်(၃၈/၇) နှင့် (၃၉/၁)အကြားရှိ ကြာအင်းတံတား ရေကျော်စီးဝင်မှု၊ ရေကြည်မြို့နယ် စိမ်းလဲ့ရေကြည်ခန်းမ၌ ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းထားရှိမှု၊ ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ် (၁၉/၂-၁၉/၄) ရွှေကျောင်းကုန်း တံတား ရေစီးဆင်းနေမှု၊ ငသိုင်းချောင်းမြို့ ရေဘေးသင့်ပြည်သူများအတွက် The Spirit of Brotherhood Mission(TSBM)အသင်းအဖွဲ့က လှူဒါန်းသော ရေသန့်စင်စက် တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရေကြည်မြို့နယ် မိုးလုံလေလုံ အားကစားရုံ၌ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားကာ ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


